မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။
ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မိတ္ထီလာရှမ်းတဲလေတပ်မှတက်လာသည် MIG -29 ဂျက်ဖိုက်တာက ညောင်ကန်ကျေးရွာကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ သေဆုံးသွားတာက ညောင်ကန်ရွာ ဒေသခံပြည်သူတွေမဟုတ်ဘူး။ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ယောအလင်းတန်းမှ နွေဦးအလင်းရောင်က ပြောသည်။
ဂန့်ဂေါခရိုင်အတွင်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မေလတစ်လအတွင်း လေကြောင်းမှ ၂၆ ကြိမ်အထိ တိုက်ခိုက်မှုရှိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။
ယင်းတိုက်ခိုက်မှုများအတွင်း ဆောမြို့နယ်တွင် ၁၄ ကြိမ်ဖြင့် အများဆုံးဖြစ်ခဲ့ပြီး ထီးလင်းမြို့နယ်တွင် ၇ ကြိမ်နှင့် ဂန့်ဂေါမြို့နယ်တွင် ၅ ကြိမ် တိုက်ခိုက်ခဲ့သည့်အပြင် ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဇွန်လ ၅ ရက်နေ့ ဆောမြို့နယ်ကို လေကြောင်းမှနေ၍ မတိုက်ခိုက်မီ စစ်ကောင်စီက ထီးလင်းမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။