စစ်ကောင်စီတပ်၊ PNO ပအိုဝ်းပြည်သူ့စစ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်ထဲရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်ကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ခရီးသွားလာခွင့်ပိတ်ပင်ထားကြောင်း စစ်ဘေးရှောင်ကူညီသူများ ပြောဆိုမှုအရ သိရသည်။
အဆိုပါစစ်ဘေးရှောင် ၈၀၀ ကျော်သည် ပြီးခဲ့သည့် မေလဆန်းပိုင်းကတည်းက ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသူများ ဖြစ်သည်။
သို့သော် ဇွန်လ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က အင်အား ၁၀၀၀ ခန့်ဖြင့် ကျေးရွာအတွင်း စစ်ကြောင်းထိုးလာသဖြင့် အဆိုပါစစ်ဘေးရှောင်များသည် ဆီဆိုင်မြို့နယ်အတွင်းသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်များသည် ဆီဆိုင်မြို့နယ် နောင်ပါရင်ရွာနှင့် လွယ်စဲရွာ၌ ရောက်ရှိနေပြီး တခြားဒေသရှိ ဆွေမျိုးမိတ်ဆွေတို့ထံသို့ စစ်ဘေးရှောင်ရမည်ဖြစ်သော်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ကျေးရွာအတွင်းမှ ထွက်ခွင့်မပြုဘဲ တားမြစ်ထားသဖြင့် ပိတ်မိနေကြကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
စစ်ဘေးရှောင်ကူညီသူတစ်ဦးက “ဆီဆိုင်ဘက်ကို ရောက်နေတာ ၁၂ ရက်ကတည်း ရောက်တာပါ။ ဆီဆိုင်မြို့နယ်ထဲမှာရှိတဲ့ အမျိုးတွေဆီရော တောင်ကြီးဘက်က အမျိုးတွေဆီပါ ရှောင်မို့လို့၊ ထွက်ခွင့်မရပဲ ပိတ်မိနေတယ်။ တချို့က ဆီဆိုင်ဘက် မရှောင်တော့ပဲ ပြန်လှည့်လာပြီး တောတွင်းထဲရှောင်နေရတယ်ဗျ” ဟု ၎င်းကပြောသည်။
စစ်ဘေးရှောင်များသည့် ဆီဆိုင်မြို့နယ်ထဲတွင် ရောက်ရှိနေသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ပြီး အများစုမှာ ပင်လောင်းမြို့နယ် လင်ခန်ရွာ၊ ဟိုဝိုးရွာ၊ ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာနှင့် ဖယ်ခုံမြို့နယ် လွယ်ပေါရွာ စသည့် ကျေးရွာစုစုပေါင်း ၁၃ ရွာကျော်မှ ဒေသခံများဖြစ်ကြသည်။
အဆိုပါ စစ်ဘေးရှောင်များကို တခြားနေရာသို့ ပြောင်ရွှေ့ခွင့်မပြုဘဲ ခရီးသွားလာခွင့် ပိတ်ပင်ထားသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ဘက်က တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
“စစ်ဘေးရှောင်တွေ တခြားနေရာပြောင်းခွင့်မရပဲ အကြပ်ကိုင်တားမြစ်ခံနေရတယ်ဗျ။ သူတို့အထင်က ဆီဆိုင်မြို့နယ်အတွင်း စစ်ပွဲဆက်ဖြစ်မှာကို စိုးလို့ထင်တယ်။ ပြီးတော့ စစ်ဘေးရှောင်တွေထဲ PDF တွေ ပါလာမှာ ကြောက်တာထင်တယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေဟာ PDF တွေ မဟုတ်ပါဘူး၊ သာမန်ပြည်သူတွေပါဗျာ” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ထပ်လောင်းပြောသည်။
ထိုကဲ့သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားသောကြောင့် လက်ရှိစစ်ဘေးရှောင်များမှာ စားရိက္ခာနှင့် သောက်သုံးရေအတွက် အခက်ခဲကြုံတွေ့နေရကြောင်း သိရသည်။
“အဲ့ဒေသမှာ ဘာမှ ကူညီခွင့်မရဘူး၊ အသုံးပြုဖို့ ရေလည်း ခက်တယ်။ ရွာက ရေချောင်းနဲ့ဝေးတယ်။ ပြီးတော့ အပြင်ထွက်ခွင့်လည်းမရတော့ ရေတွင်းပဲ သုံးနေရတယ်ဗျ။ လူများတာ တဖက်နဲ့လုပြီး သုံးနေရတာ ခက်ခဲတာပေါ့” ဟု စစ်ဘေးရှောင်ကူညီသူက ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်မှစ၍ ဇွန်လ ၁၅ ရက်အတွင်း ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ ဒေသခံ ၆၀၀၀ ကျော်ကိုလည်း PNO ပြည်သူ့စစ်က ကျေးရွာအတွင်းမှ မောင်းထုတ်ခဲ့သည်။
ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် ယခုရက်ပိုင်း၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်လျက်ရှိနေသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။