ဆီဆိုင်မြို့မှ ဆန်ရောင်းဝယ်သူများ မူလဆန်ပေါက်ဈေးအောက် လျော့ချရောင်းရမည်ဟု စစ်ကောင်စီဖိအားပေး

0
460
ပုံစာ- စစ်ကောင်စီက ဆီဆိုင်တွင် ဆန်ရောင်းဝယ်သူများကို မူလဆန်ပေါက်ဈေးအောက်လျော့ချရောင်းဖို့ပြော။

သျှမ်းပြည်၊ တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ရှိ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူများအား မူလဆန် ပေါက်ဈေးအောက် ဈေးလျော့ချပြီး ရောင်းရမည်ဟု စစ်ကောင်စီက ဖိအားပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်မှစပြီး ဆီဆိုင်မြို့နယ်အတွင်း ဆန်ရောင်းဝယ်ရေး ပွဲစားများနှင့် ဆန်စက်ပိုင်ရှင်များကို စစ်ကောင်စီက အစည်းအဝေးခေါ်ယူပြီး ဆန်ဈေးနှုန်း တည်ငြိမ်နိုင်ရေးအတွက် ဆန်ဈေးနှုန်းကို မူလပေါက်ဈေးအောက် ထပ်လျော့ပြီး ရောင်းချပေးရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည် ဟု ဆိုသည်။

ပေါက်ဈေး ဆန်တစ်ပြည်ကို ကျပ်ငွေ ၃,၅၀၀ ကျော် ရှိပါက စစ်ကောင်စီမှ သတ်မှတ်ထားသည့် ဆန်ဈေးနှုန်းအတိုင်း ဆန်တစ်ပြည်လျှင် ကျပ်ငွေ ၂,၅၀၀ အောက် ဈေးနှုန်းလျော့ပြီး ရောင်းချရမည်ဟု ပုံးအင်း ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပါသည်။

“ဆန်ဈေးနှုန်း တည်ငြိမ်နိုင်ဖို့အတွက် မြို့နယ်ဆန်စက်အသင်းဉက္ကဌကနေ ဦးဆောင်ပြီး ဆန်တွေကို ပေါက်ဈေး ထပ်လျော့ပြီး ရောင်းချပေးမယ်လို့ ပြောတယ်။ တခြားကုန်ပစ္စည်းတွေ မလျော့ဘဲ ဆန်ဈေး တစ်မျိုးကို လျော့လို့တော့ အဆင်မပြေပါဘူး” ဟု အဆိုပါ ဆန်စက်ပိုင်ရှင်က ဆက်ပြောဆိုသည်။

လက်ရှိ၌ အစစအရာရာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသည့် ကာလတွင် စစ်ကောင်စီက ဆန်ဈေးနှုန်း ထိန်းချုပ်နိုင်ဖို့ ဆန်ရောင်းဝယ်သူများအပေါ် ဖိအားပေးလာခြင်းဖြစ်ကြောင်းနှင့် ထိုသို့ မလိုက်နာပါက ရဲတပ်ဖွဲ့များကို အာဏာပေးပြီး ဆန်စက်များကို နိုင်ငံတော် အာဏာပိုင်အဖြစ် သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဆန်စက်ပိုင်ရှင်များက ပြောသည်။

ယင်းအပြင် စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်းရှိ ဆန်စက်ပိုင်ရှင်များအား ရန်ပုံငွေအတွက်ဆိုပြီး ဆန်စက်တစ်ရုံကို ကျပ်ငွေ ၃ သောင်းပေးရန် ညွှန်ကြားခဲ့သေးသည်ဟု ဆိုသည်။

ပုံးအင်းဒေသ ဆန်စပါး ရောင်းဝယ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးက “ဆန်က အရင်နှစ်တွေထက် ဈေးတက်လာတယ်လို့ ပြောချင်တာပေါ့။ ဒါပေမယ့် ငွေတန်ဖိုးနဲ့ ပြန်တွက်ရင် ဆန်ဈေးက မတက်ဘူး။ ကျနော်တို့တောင်သူတွေလည်း လယ်လုပ်ဖို့ စရိတ်အများကြီး ကုန်ကျသေးတယ်။ ဈေးရလာတော့မှ ဈေးနှုန်းတက်တယ်လို့ ပြောလို့မရဘူးလေ” ဟု ပြောဆိုသည်။

ထို့ပြင် ဆန်စပါးများကို နယ်ကျော် သယ်ယူရောင်းချမည်ဆိုပါက စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ သတင်းပေးပို့ရမည် ဖြစ်ပြီး၊ ဌာနဆိုင်ရာ၏ ခွင့်ပြုချက်ပါမှသာလျှင် နယ်ကျော်ရောင်းချခွင့် ရှိသည်ဟု ဆန်ရောင်းဝယ်ရေးလုပ်နေသည့် တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

“ဆန်က ပြည်တွင်းစားဖို့တောင်မှ နယ်ကျော်သယ်ခွင့်မပြုဘူး။ ပြည်နယ်လက်မှတ်ပါမှ သယ်လို့ ရမယ်တဲ့။ အခု ကျနော်တို့ သာမာန်ပြည်သူတွေ သယ်ခွင့်မရဘူး။ သက်ဆိုင်ရာ လူကြီးတွေရဲ့ ဆက်စပ်သူတွေပဲ လုပ်စားနေကြတာ” ဟု တောင်ကြီးမှ ဆန်ကုန်သည် စိုင်းစိုင်း (အမည်လွှဲ) က ပြောသည်။

နယ်ကျော်ဆန်စပါး သယ်ယူမည်ဆိုပါက သက်ဆိုင်ရာ၏ လက်မှတ်ပါ စာရွက်ရှိမှသာလျှင် သယ်ဆောင် နိုင်ကြောင်း၊ ထိုသို့မဟုတ်ပါက ဆန်စပါးများကို သိမ်းဆည်းကြောင်းလည်း စိုင်းစိုင်း (အမည်လွှဲ) က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများနှင့် နိုင်ငံရေး အခြေအနေ မတည်ငြိမ်သည့်အပြင် ကုန်စျေးနှုန်းများလည်း တရိပ်ရိပ်မြှင့်တက်လာမှုကြောင့် ယခင်လယ်ယာ လုပ်ကိုင်ကြသည့် ဒေသတွင်းရှိ တောင်သူများမှာ လယ်ယာ မလုပ်နိုင်တော့သဖြင့် ဆန်၊ စပါး အထွက်နှုန်း လျော့နည်းလာခြင်း ဖြစ်သည်။

ထို့အပြင် သျှမ်းပြည်လယ်ယာ စိုက်ပျိုးရေး လုပ်ဆောင်သူများသည် လယ်ယာလုပ်ကိုင်ရာတွင် အဆင်မပြေတော့သဖြင့် တိုင်းတပါးကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေရသည်ဟု ဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here