ဆီဆိုင်စစ်ဘေးရှောင် ၁ သောင်းခန့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံ၊ စစ်ဘေးရှောင်တချို့ ထမင်းခြောက်စားနေရ

0
185

သျှမ်းပြည်၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားချိန် ကြာလာသည်နှင့်အမျှ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေနှင့် ကြုံတွေ့နေရပြီး အချို့သည် ထမင်းခြောက်စားရသည့်အဆင့်ထိ ရောက်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA  နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဇန်နဝါရီလ ၂၁ ရက် မှ စပြီး တိုက်ပွဲ စတင်ဖြစ်ပွားလာခဲ့ရာ လက်ရှိအချိန်ထိ ၂ လကျော်ကြာသော်လည်း နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။

ဆီဆိုင်မြို့အနီးတဝိုက်ရှိ သဘတ်ချောင်း၊ တောတောင်၊ ကျောက်ဂူနှင့် လယ်ယာခြံခင်းအတွင်း စစ်ရှောင် နေကြသော ဒေသခံ ၁ သောင်းခန့်သည် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် အလှူရှင်ရောက် မလာနိုင်ခြင်း၊ နေရပ်ပြန်ပြီး သယ်ရိက္ခာယူခြင်း မပြုနိုင်သောကြောင့် ဆေးဝါးနှင့်စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့နေရသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

“ အခုတလော ဟင်းဆိုရင်လည်း ဖြစ်သလိုပဲ စားနေရတယ်။ ဟိုတလောတုန်းကလည်း စစ်ရှောင်တစ်အုပ်စုက ဆန်မရှိလို့ ထမင်းခြောက်ကို ပြန်စားနေရတယ်။ ထမင်းခြောက်ကို ဆန်ပြုတ်လုပ်ပြီး ပြန်စားရတာ။ ဟင်းကတော့ မရှိပါဘူးဗျာ။ ဖြစ်သလိုကြုံသလို တောထဲကအသီးအရွက်တွေကို ရှာပြီးချက်စား၊ ဒါပဲရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များသည် မြို့အရှေ့ဘက်ရှိ လွယ်ကဖြီးရွာ၊ မြို့အနောက်ဘက်ရှိ သဘက်ချောင်း၊ တောင်ယာနှင့် ကျောက်ဂူအတွင်း အုပ်စုခွဲ၍ စစ်ရှောင်နေကြကြောင်း သိရသည်။

လက်ရှိ၌ ဆီဆိုင်မြို့အနီးတဝိုက် စစ်ရှောင်နေကြသည့် စစ်ဘေးရှောင်များသည် ကားမရှိခြင်း၊ အိမ်ငှားပြီး မနေနိုင်ခြင်းနှင့် စားဝတ်နေရေး ခက်ခဲခြင်း စသည့်တို့ကြောင့် အခြားမြို့သို့ မတိမ်းရှောင်နိုင်ကြကြောင်း သိရသည်။

“ တချို့က ကားမရှိလို့ မသွားဘူး။ ရှိပြန်တော့လည်း နေရာရဖို့ ခက်ခဲမှာကိုလည်း ကြောက်ရတယ်။ နောက်တခုက အဲ့ဘက်မှာသွားနေရင်ရော စားဝတ်နေရေး ဘယ်လိုလုပ်မလဲ မသိဘူး။ နဂိုကတည်း ကိုယ့်ဒေသမှာ ရှားစားလို့ ရတယ်လို့ အဲ့လိုစဉ်းစားတာ။ နောက်ပြီးတော့ ကိုယ့်တောင်ယာနဲ့ နီးတယ်ဆိုတော့ အခြေအနေပေးရင် တောင်ယာပြန်စိုက် စားလို့ရတယ်ဆိုပြီး နေကြတာ” ဟု ဆီဆိုင်မြို့စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ တောင်တောင်၊ ကျောက်ဂူအတွင်းသို့ ရုတ်တရက် စစ်ရှောင်လာရသောကြောင့် မိုးကာ၊ စောင်၊ အနွေးထည်၊ အခင်းများ လုံလုံလောက်လောက်မရှိဘဲ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များမှာ အအေးမိ ဖျားနာခြင်း ဖြစ်ပွားနေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ မီးတွေလည်း မရှိဘူး၊ ရေလည်း မရှိဘူး။ ရေချိုးချင်ရင် ဟို့အဝေးကြီးသွားရတယ်၊ ၁ နာရီလောက် ဆိုင်ကယ်မောင်းပြီး သွားရတယ်။ ဖုန်းလိုင်းလည်း မရဘူး။ အခင်းတွေလည်း မရှိဘူး။ အခင်းတွေ မရှိတော့ ကလေးတွေ ညမှာအိပ်ရင် အောက်ခံအေးတယ်လေနော်။ အဲ့ကြောင့်ကလေးတွေဆိုလည်းဖျားတာ၊ ချောင်းဆိုးတာ ဖြစ်တာ။ အဲ့လိုဖျားရင် ဆေးကလည်းမရှိဘူး။ ရွာကို ပြန်လာရတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပြသည်။

ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ကျေးရွာနှင့်မြို့အတွင်းသို့ ပြန်လာကြသည့် ဒေသခံစစ်ဘေးရှောင် များသည် ဖေဖော်ဝါရီလ ၁၉ ရက်တွင် စစ်ကောင်စီလက်နက်ကြီး ကျည်ထိမှန်၍ ၇ ဦး သေဆုံးမှုဖြစ်စဉ် သော်လည်းကောင်း၊ ဧပြီလ ၈ ရက်တွင် စစ်ကောင်စီလက်နက်ကြီး ထပ်မံထိမှန်၍ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ ဖြစ်စဉ်သော်လည်းကောင်း ဖြစ်ပွားခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာချိန် ကြာလာသည်နှင့်အမျှ စစ်ဘေးရှောင်များသည် ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုအခြေအနေများ ထပ်မံကြုံတွေ့လာနိုင်သည့်အပြင် မကြာခင်မိုးတွင်းကာလ ရောက်လာမည် ဖြစ်သောကြောင့် နိုင်ငံတကာ လူသားချင်းစာနာမှုထောက်ထားမှု အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကို ဦးစားပေး ကူညီပေးကြရန် စစ်ဘေးရှောင်ကူညီသူများက တောင်းဆိုထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here