ဆိပ်ဖြူ၊ ကန်ဇွန်းမနယ်မြေရဲစခန်းကို စီးနင်းတိုက်ခိုက် ၇ ဦး သေဆုံး

0
270

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကန်ဇွန်းမ နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ကန်ဇွန်းမရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၇ ဦး သေဆုံးပြီး ၁၅ ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယင်းသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့တဲ့ အဲဒီစခန်းဟာ စစ်ကောင်စီ ကပစ သုံးခုရဲ့ အလယ်မှာရှိတာ ဖြစ်တဲ့အတွက် စစ်ရေးအရ အရေးပါတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက အခုလို ပြောသည်။

“ တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ကူတွေပေးတယ်။ စစ်ကြောင်းတွေ ထွက်လာတယ်။ စခန်းကိုတော့ မသိမ်းနိုင်ခဲ့ဘူး” လို့ ၎င်းက ပြောပါသည်။

ကန်ဇွန်းမနယ်မြေရဲစခန်း၌ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သား ၂၅ ဦး တပ်စွဲထားပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးနှင့် ရဲ ၂ ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ အမှတ် ၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးက အသိပေးထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဉ် စခန်းအတွင်းထဲထိ ဝင်ရောက်စီးနင်း၍ နယ်ထိန်းရဲ့အိမ်ကို မီးရှို့နိုင်ခဲ့ပေမယ့် စစ်ကူလာရောက်တာ ရှိခဲ့တာကြောင့် စခန်းသိမ်းနိုင်တဲ့အထိ အောင်မြင်မှုမရခဲ့ဘူးလို့ မြေပြင်တော်လှန်ရေးရဲဘော်က ပြောဆိုသည်။

ဆိပ်ဖြူ၊ ကန်ဇွန်းမရဲစခန်းကို ပခုက္ကူခရိုင်အမှတ် (၄၊ ၁၁၊ ၁၉) တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် (၁၊ ၂၊ ၄၊ ၅၊ ၆ ၊၇) တပ်ရင်း၊၊ Myanmar Defence Force (MDF)၊ ချောက် PDF သခင်ဖိုးလှကြီး တပ်ခွဲစသည့် ပူးပေါင်းအင်အားတွေ တိုက်ခိုက်ခဲ့ကြဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here