ဆရာ၊ ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ နိုင်ငံရေးမလုပ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆို

0
2080

ပညာသင်ကြားရေးဆောင်ရွက်နေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံရေးမလုပ်ရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့သည် မတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ပြောခဲ့ခြင်း ဖြစ်သည်။

စစ်တွေတက္ကသိုလ်မှ ကထိကဆရာမတစ်ဦးက “ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေ နိုင်ငံရေးမလုပ်ဖို့ပေါ့။ နောက်ပြီး ပါရဂူတန်းတွေဖွင့်ရေး၊ အဆောင်သစ်တွေ တိုးချဲ့တည်ဆောက်ရေးကိစ္စတွေ၊ ပညာတတ်လူသားအရင်းအမြစ်လိုအပ်တယ်ဆိုတဲ့အကြောင်းနဲ့ လက်ရှိ သူတို့လက်ထက်မှာ ပညာရေးတိုးမြှင့်ရေးတွေလုပ်နေတယ်ဆိုတာမျိုးတွေ ပြောခဲ့တာပါ” ဟု ပြောသည်။

ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံရေးထက် နိုင်ငံ့အရေးကို အလေးထားစေလိုကြောင်းကိုလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင်တစ်ဦးက “ အဓိကက နိုင်ငံ၏အရေးလို့ သူကပြောတယ်။ နိုင်ငံ၏အရေးဆိုတာ တကယ်ဆက်စပ်ကြည့်ရင် နိုင်ငံရေးဟာ နိုင်ငံ၏အရေးလို့ပြောလို့ရတယ်။ တက္ကသိုလ်တွေကို Development ဖြစ်အောင်လုပ်မယ်ဆိုရင်လည်း လက်ရှိစစ်ကောင်စီလက်ထက်မှာ အာဏာပါဝါတွေ ပြတာတွေအများကြီးပဲ။ စစ်ကောင်စီလက်ထက် တာဝန်ထမ်းဆောင်သူတွေဆိုရင် အကျင့်ပျက်ခြစားမှုတွေရှိတယ်။ NLD လက်ထက်မှာဆိုရင် အများမဟုတ်တောင် အနည်းအကျဉ်းလောက် ကျောင်း Development အတွက်၊ နောက် ကျောင်းသားသမဂ္ဂတွေရယ်၊ ကျောင်းမှာရှိတဲ့ ကောင်စီကလူတွေနဲ့ အကောင်းဆုံး ကျနော်တို့ ကြိုးစားနိုင်ခဲ့တယ်။ ဒါတွေဟာ ကျောင်းသားရဲ့ နိုင်ငံရေးတွေဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာများ ပြည့်စုံသည့် လူသားအရင်းအမြစ်များစွာ လိုအပ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားစေရေးနှင့် အသိများတိုးတက်စေရေး တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ ကြိုးပမ်းဆောင်ရွက်ရန်လည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံပွဲတွင် မှာကြားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီပြည်ထောင်စု ဝန်ကြီးများအဖွဲ့သည် စစ်တွေရှိ လောကာနန္ဒာစေတီတော်ကြီးအား ထီးတော်သစ်တင်လှူရန်အတွက် မတ်လ ၃ဝ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့နေခြင်းဖြစ်သည်။

ယင်းအဖွဲ့ စစ်တွေသို့ရောက်သည့်နေ့တွင် စစ်တွေတက္ကသိုလ်အပါအဝင် စစ်တွေကန်တော်ကြီး၊ ပွိုင့်အပန်းဖြေစခန်း စသည့်နေရာများသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here