စလင်းမြို့ရှိ ခင်ဗလူကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

0
146
ပုံစာ - ၂၀၂၃ ခုနှစ် မတ်လအတွင်းက ကင်းပွန်းခြုံရွာ မီးရှို့ခံခဲ့ရစဉ်မြင်ကွင်း။ (ပုံဟောင်းဖြစ်သည် / Photo - Salin PDF)

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ခင်ဗလူကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာပြီး စစ်ကောင်စီတပ်သားများက ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားတာကြောင့် နေအိမ် ၈၀ ကျော် မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ယင်းနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ရွာကိုမီးရှို့သွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

“လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်လို့ ဘေးလွတ်ရာကို အရင်ရှောင်ရတယ်။ ပြီးမှ ရွာထဲဝင်ရှို့သွားတာ။ တစ်ရွာလုံး မီးလောင်နေတယ်လို့တောင် ထင်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

၂၀၂၄ ခုနှစ်၊ မေလက စတင်၍ စလင်းမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။

စစ်ကောင်စီတပ်သားများ၏ မီးရှို့မှုကြောင့် စလင်းမြို့နှင့် စေတုတ္တရာမြို့တဝိုက်ရှိ ကင်ပွန်းခြုံ၊ ကျွဲဦး၊ ခင်ပလူ၊ လုံးကြီး အစရှိသည့် ကျေးရွာများက အိမ်များလည်း မီးလောင် ပျက်စီးခဲ့ရသည်ဟု ဒေသခံတို့က ပြောသည်။

ယင်းဒေသတွင် စစ်ကောင်စီစစ်ကြောင်းများသည် နေ့စဉ်နီးပါး ရှိနေသည့်အတွက် စလင်းမြို့နယ်မှ ကျေးရွာ ၆ ရွာသည် စစ်ဘေးတိမ်းရှောင်နေရပြီး အနည်းဆုံး စစ်ဘေးရှောင် ၁၅၀၀ ဝန်းကျင်ရှိနေကြောင်း စစ်ရှောင်ကူနှင့် ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here