စလင်းမြို့တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် လူ ၆၀၀၀ နီးပါး စစ်ဘေးရှောင်နေရ

0
177
Photo - CJ

မကွေးတိုင်း၊ စလင်းမြို့နယ် ကျေးရွာ ၈ ရွာမှ လူဦးရေ ၆၀၀၀ နီးပါးသည် စစ်ကောင်စီစစ်ကြောင်းကြောင့် တိမ်းရှောင်ပြေးနေကြရကြောင်း ဒေသခံများက ပြောဆိုသည်။

ဆိပ်ဖြူမြို့ဘက်မှလာသော အင်အား ၃၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် စမ်းကလေး၊ ဒီးဒုတ်ပင်အပါအဝင် ကျေးရွာ ၈ ရွာမှ ဒေသခံများမှာ စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ဆိပ်ဖြူကနေလာတဲ့စစ်ကြောင်း ဆီဆွဲလမ်းခွဲကနေ ဝင်လာတာ။ ပထမနေ့လမ်းကြောင်းမှာ မိုင်းဆွဲခံရတယ်။ ခွေး ခုနှစ်လောင်း ရှစ်လောင်းနဲ့ ခဏထားပြီးတော့ နောက်တစ်ရက်ချန်ပြီးတော့ ထပ်လာတာထင်တယ်” ဟု ပြောသည်။

အဆိုပါ ရွာများဘက်ကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေသည်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်ကတည်းကဖြစ်ပြီး ကုန်းကြောင်းရော လေကြောင်းဖြင့်ပါ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ဘေးရှောင်ပြည်သူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာနှင့်ဆေးဝါးများ လိုအပ်နေပြီး စစ်ကောင်စီစစ်ကြောင်းလည်း လှုပ်ရှားနေဆဲဖြစ်သည့်အတွက် တနေရာထဲ၌ အထိုင်မချဘဲ ရှောင်ရှားနေရသည်ဟု ဆိုကြသည်။

လက်ရှိ၌ စမ်းကလေးကျေးရွာအထိ ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးမှုရယူထားပြီး ယင်းနယ်မြေများကို ရှင်းလင်းရေးလုပ်သည့်အနေဖြင့် စစ်ကြောင်းဝင်ရောက်ခြင်းဖြစ်နိုင်ကြောင်း ကာကွယ်ရေးအဖွဲ့များက သုံးသပ်ပြောကြသည်။

စစ်ကောင်စီက အိမ်ခြေ ၁၀၀ ကျော်ရှိသည့် စမ်းကလေးကျေးရွာကို ဒီဇင်ဘာ ၁၇ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံး မီးလောင်ကျွမ်းပျက်စီးသွားသည်ဟု ဆိုသည်။

အဆိုပါ ကျွေးရွာများတဝိုက်တွင် ဒီဇင်ဘာ ၁၈ ရက်နေ့အထိ လက်နက်ကြီးအသံများ ကြားနေရဆဲဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းလည်း ပြန်လည်ဆုတ်ခွာခြင်းမရှိသေးကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here