စလင်းတွင် စစ်မှုထမ်းရန် နှိုးဆော်နေသည့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
306
Photo - Social Media

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်မှုထမ်းရန် နှိုးဆော်နေသည့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ ညပိုင်းက လူငယ်များကို စစ်မှုထမ်းဆောင်ကြရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်နေသည့် စစ်ကောင်စီခန့် ပခက်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ထူးဆိုသူကို စလင်းမြို့နယ် ပကဖအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် ပူးပေါင်း၍ အာဏာပြနေသော အဆိုပါအုပ်ချုပ်ရေးမှူးသည် သတိပေးမှုများ ရှိနေသည့်ကြားက စစ်တပ်အလိုကျ ပြည်သူများကို စစ်မှုထမ်းရန် ခေါ်ဆောင်တာတွေကြောင့် ယခုလို အရေးယူခဲ့တာဖြစ်တယ်လို့ ပကဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့ခရိုင်၊ မြို့နယ်အတွင်းမှာ ပြည်သူတွေက စစ်ကောင်စီရဲ့ နှိပ်စက်ညှင်းပန်းသမျှကို ခံနေရတယ်။ အဲဒါကို ရတဲ့နည်းလမ်းတွေနဲ့ ကာကွယ်ကြရမှာဖြစ်ပါတယ်” ဟု မင်းဘူးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ယင်းအပြင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို အနိုင်ကျင့် နှိပ်စက်နေသူများကိုလည်း အရေးယူမှုများ ဆက်လုပ်ဆောင်နိုင်ရန်အတွက် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ၎င်းက တိုက်တွန်းပြောဆိုသည်။

ပစ်ခတ်ရှင်းလင်းခံလိုက်ရသည့် ပခက်တိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး၏ လက်ထဲတွင် စစ်လက်နက်ပစ္စည်းများပါ တွေ့ရှိရတာကြောင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်တယ်ဟုလည်း ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးထံမှ သေနတ်အတို လက်လုပ်တစ်လက်နှင့် Icon တစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here