စစ်အာဏာသိမ်းနောက်ပိုင်း အရပ်သားများ လူသားဒိုင်းအဖြစ် အကြိမ် ၁၀၀ ကျော်အသုံးပြုခံခဲ့ရ

0
254
ပုံစာ - ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားသည့် ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာသားများအားတွေ့ရစဥ်၊ (Photo - PKPF)

စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက အရပ်သားပြည်သူများကို စစ်ရေးဗျူဟာ ရည်ရွယ်ချက်နှင့် လူသားဒိုင်းကာအဖြစ် အကြိမ် ၁၀၀ ကျော် အသုံးပြုခဲ့ပြီး အဓမ္မလုပ်အားစေခိုင်းမှု ၁၈၀ နီးပါး ကိုလည်း ကျူးလွန်ခဲ့သည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ အလုပ်သမား ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည့် ILO စုံစမ်း စစ်ဆေးရေး ကော်မရှင် COI ၏ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းက တင်သွင်းခဲ့သော အစီရင်ခံနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုသွားခြင်း ဖြစ်သည်။

“ကျနော်တို့ရဲ့ တွေ့ရှိချက်အရတော့ အနည်းဆုံး ကျနော်တို့ အဓမ္မ လုပ်အားပေးစေခိုင်းမှုကို ၁၇၈ ကြိမ် ကျူးလွန်ခဲ့တဲ့လို့ ကျနော်တို့ သက်သေအထောက်အထားတွေနဲ့တကွ ရပါတယ်။ နောက်တစ်ခါ ဘယ်အချိန်က စသလဲဆိုလို့ရှိရင်တော့ ၂၀၂၁ ဩဂုတ်လကစပြီး ကျနော်တို့ စုဆောင်းမိတာပါ။ ဒါ့အပြင် လူပေါင်း ၃၂၁၆ ဦး က အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မ လုပ်အားစေခိုင်းခြင်း လူသားမိုင်းအဖြစ် စေခိုင်းခြင်းကို ခံခဲ့ရတယ်ဆိုတဲ့ သက်သေ အထောက်အထားကို ရရှိခဲ့ပါတယ်” ၎င်းက ဆိုသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်၊ ကရင်နီနှင့် ကချင်ပြည်နယ်က အရပ်သား ပြည်သူများကို အတင်းအဓမ္မ လုပ်အားစေခိုင်းခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် စစ်ရေးဗျူဟာ ရည်ရွယ်ချက်နှင့် အရပ်သား ပြည်သူများကို လူသားဒိုင်းကာအဖြစ် သုံးခြင်းများကိုလည်း တွေ့ရသည်ဟု ဦးအောင်မျိုးမင်းက ယခုကဲ့သို့ ဆက် ပြောသည်။။

“ဒါ့အပြင် အဆိုးဝါးဆုံးလုပ်အားစေခိုင်းမှုလို့ပြောတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ လူသားဒိုင်းအဖြစ် စေခိုင်းတဲ့ အချက်၊ ဒီလိုမျိုး အချက်တွေကိုလည်း ကျနော်တို့ အချက်အလက်တွေ အများကြီးရရှိခဲ့ပါတယ်။ အဓမ္မလုပ်အားစေခိုင်း၊ ပေါ်တာထမ်းတာတွေဘာတွေနဲ့ စစ်ရေးဗျူဟာအတွက် စစ်ရေးရည်ရွယ်ချက်နဲ့ အရပ်သားတွေကို ရှေ့တန်းကနေသွားပြီးတော့ ကျည်ကာအဖြစ် မနုတ်ဿမိုင်းရှင်းခြင်း၊ မနုတ်ဿကျည်ကာ အဖြစ် အသုံးပြုတဲ့ Human Shield နဲ့ ပတ်သက်ပြီးတော့လည်း အချက်အလက်တွေ ရရှိပါတယ်။ အဲဒီအထဲမှာ စုစုပေါင်း အမှုပေါင်း ၁၀၄ မှုကို ကျနော်တို့ လက်ခံရရှိပါတယ်” ၎င်းက ဆိုသည်။

ထိုသို့ လူသားဒိုင်းကာအဖြစ် အသုံးခြင်းများထဲတွင် ကလေးများကိုလည်း အသုံးပြုခဲ့သည်ဟု ဦးအောင်မျိုးမင်းက ပြောပါသည်။

“အဲဒီအထဲမှာ အမှုပေါင်းကတော့ လူပေါင်း ၁၈၈၂ ဦးအား လူသားမိုင်းအဖြစ်၊ လူသားကျည်ကာအဖြစ်၊ Human Shield အဖြစ် အသုံးပြုခဲ့တာကို တွေ့နိုင်ပါတယ်။ အဲဒီအထဲမှာ အရွယ်မရောက်သေးတဲ့သူတွေ အသက် ၁၈ နှစ် အောက်ရှိတဲ့ ကလေးငယ်တွေ လူငယ်တွေ ပါဝင်နေတာတွေကိုလည်း သက်သေအထောက်အထာား တိတိကျကျ ရရှိထားပါတယ်” ဟု ၎င်းက ဆက်ပြောဆိုသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများကို အတင်းဓမ္မခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်း၊ လူသားမိုင်းအဖြစ် အသုံးပြုခြင်း၊ လူသားဒိုင်းကာ အဖြစ် အသုံးခြင်း စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ဧပြီလ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ကောက်ယူထားသည့် အရပ်သားပြည်သူများကို စစ်ကောင်စီက အဓမ္မလုပ်အား စေခိုင်းမှုများမှာ စစ်ကိုင်းတိုင်းတွင် ၄၉ မှု၊ မကွေး တိုင်းတွင် ၂၁ မှု၊ ကရင်၊ ကရင်နီနဲ့ ကချင်တွင် ၁၆ မှု ဖြစ်သည်ဟု ပြောသည်။

အဓမ္မလုပ်အားခိုင်းစေမှုအတွက် ဖမ်းဆီးခံထားရသူ သုံးထောင့်နှစ်ရာကျော်ရှိပြီး အဆိုပါ ဖမ်းဆီးခံထားရသူများ ထဲတွင် အမျိုးသားက ၄၀၀ ကျော်နှင့် အမျိုးသမီးက ၅၀ ဦး ဖြစ်သည်။ ကျန်သည့် ၂၆၀၀ ကျော်မှာ ကျား/မ ခွဲခြား၍ မရသည့် ရွာသားများဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေး ၄၃ ဦး ပါဝင်သည်ဟု ဆိုသည်။

လူသားဒိုင်းကာအဖြစ် အသုံးပြုမှုများမှာ စစ်ကိုင်းတိုင်းတွင် ၃၉ မှု၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်တွင် ၁၀ မှု စီ အပြင် စုစုပေါင်း အမှု ၁၀၄ မှု တွေ့ရှိထားသည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောသည်။

ထို့အပြင် လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့် အရပ်သားပြည်သူ ၁၈၀၀ ကျော် ရှိပြီး အမျိုးသားက ၂၆၂ ဦး၊ အမျိုးသမီး ၃၇ ဦးနှင့် ကျား/မ ခွဲခြား၍ မရသည့်သူ ၁၅၈၃ ဦး ဖြစ်ပြီး ၁၈ နှစ်အောက်ကလေး ၈ ဦး ပါဝင်သည်ဟု ဦးအောင်မျိုးက ပြောသည်။

လက်ရှိအရေအတွက်သည် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ကောက်ယူရရှိထားသည့် စာရင်းများသာ ဖြစ်ပြီး မြေပြင်တွင် ယခုထက်မက ပိုများနိုင်သည်ဟု ဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here