ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ရွာတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်တို့ ပူးပေါင်းတပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှင့် နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဉ်က ဇွန်လ ၁၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်တွင် တကြိမ်၊ ညနေ ၄ နာရီဝန်းကျင်တွင်တကြိမ် ပစ်ခတ်ခဲ့သည်ဟု ဝိုင်းမော်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“မနေ့က နှစ်ကြိမ်လာပစ်သွားတယ်။ ဝဲတာတော့ တနေကုန်လာဝဲနေတာ။ ဂျက်ဖိုက်တာတစ်စီးပဲ ဟုတ်တယ်။ ဘယ်နေရာပစ်သွားလဲဆိုတာတော့ တိတိကျကျမသိရသေးဘူး” ဟု အဆိုပါဒေသခံ အမျိုးသမီးက ပြောသည်။
ဝိုင်းမော်မြို့ကနေ ဆိုင်ကယ်ဖြင့်သွားပါက နာရီဝက်ခန့်သွားရသည့် လမြန်ရွာသည် စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းတည်ရှိသည့် ဝူယန်ရွာအထက်တွင် တည်ရှိသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းအထိ ဝိုင်းမော်မြို့ကနေ ဝူယန်ရွာအထိ ပြည်သူ့စစ်တပ်က ထိန်းချုပ်ထားပြီး လမြန်ရွာကနေ တရုတ်နယ်စပ်မြိုများဖြစ်သည့် ကံပိုက်တည်၊ ချီဖွေ၊ ပန်ဝါအထိ လမ်းတလျှောက်လုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ဝူယန်ရွာနှင့် လမြန်ရွာတို့သည် ရွာချင်းဆက်တည်ရှိပြီး နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာချိန်တလျှောက်လုံး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု မကြာခဏရှိသလို ပြီးခဲ့သည့်မေလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က စစ်အင်အားတိုးချဲ့ကာ စစ်ရေးပြင်ဆင်မှု သိသိသာသာလုပ်လာခြင်းဖြစ်သည်။
ထိုသို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က လက်နက်ကြီး၊ ဒရုန်းတို့နှင့်ပါ ပစ်ခတ်တိုက်ခိုက် တာကြောင့် KIA ပူးပေါင်းတပ်က လမြန်ရွာတဝက်ခန့်အထိ တပ်ပြန်ဆုတ်ထားရကြောင်း ဒေသခံများက ပြောသည်။
လမြန်ကျေးရွာခံ အမျိုးသားတစ်ဦးက “အဲပြည်သူ့စစ်နဲ့ စစ်သားတွေက လမြန်လော်ဝေါ်နှစ်ခြင်း ဘုရားကျောင်း ဝင်းမှာ ရောက်လာကြပြီလို့သိရတယ်။ အဲဒီဘုရားကျောင်း ခေါင်းလောင်းစင်ရှိတယ်။ အဲမှာ စနိုက်ဘာထောင်ပြီး ဒီဘက်ကို လှမ်းလှမ်းပစ်နေတာလို့ သိရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်က ဝိုင်းမော် – ဆဒုံး – ချီဖွေ သွားလမ်းမကြီးရှိ ဝူယန်ပြည်သူ့စစ်စခန်းတွင် အင်အား ၅၀၀ ခန့် ဖြည့်တင်းထားကာ တင့်ကား ၂ စီးလည်း ပို့ထားသည်ဟု မြေပြင်သတင်းရင်းမြစ်တို့က ပြောဆိုသည်။
အလားတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားရွာဝန်းကျင် ဗလမင်းထင်တံတားအနီး ဆုတောင်းတောင်နှင့် မှန်ပြတောင် တွင်လည်း စစ်အင်အားတစ်ထောင်ခန့် ဖြည့်ထားကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်သည် ကျေးရွာပေါင်း ၂၀၀ ကျော်နှင့် ဖွဲ့စည်းထားပြီး ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့က KIA ပူးပေါင်းတပ် ထိုးစစ်စတင်ချိန်ကစ၍ ဝိုင်းမော်မြို့ကနေ – လိုင်ဇာ- ဗန်းမော်သွားလမ်းမပေါ်ရှိ ခတ်ချိုလမ်းခွဲထိ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး၊ ဝိုင်းမော်မြို့အထွက် အင်းလေးရွာကနေ ဗန်းမော်မြို့ လမ်းမတလျှောက်ကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားခဲ့သည်။
အလားတူ ဝိုင်းမော်ကနေ လမြန်ရွာတဝက်အထိ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး လမြန်ကနေ တရုတ်နယ်စပ် ဆဒုံး- ချီဖွေ သွားလမ်းအားလုံးကို KIA ထိန်းချုပ်ထားသည်။
နယ်မြေအားဖြင့် ဝိုင်းမော်မြို့နယ်တွင်းရှိ ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း မြို့စောင့်တပ်ဖြစ်သည့် စစ်ကောင်စီ ခလရ (၅၈) တပ်နှင့် ဝူယန်ပြည်သူ့စစ်တပ်က အခိုင်မာကျန်ရှိနေဆဲဖြစ်ပြီး မေလကစ၍ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှု သိသိသာသာ လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။
KNG ပေးပို့သည်။