စစ်ရေးကာလ ကြာလာတာနဲ့အမျှ စစ်ဘေးရှောင်များကို ကူညီပေးနေတဲ့အဖွဲ့များ ပိုခက်ခဲလာဟု ပြောဆို

0
294
ပုံစာ - စစ်ဘေးရှောင်များကို ဆန်ရိက္ခာ ထောက်ပံပေးနေစဉ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ တိုက်ပွဲတွေ ကြာရှည်လာတာနဲ့အမျှ စစ်ဘေးရှောင်နေရတဲ့ ဒေသခံလူထုတွေကို ထောက်ပံ့ကူညီပေးတဲ့ အလှူရှင်တွေ နည်းပါးလာပြီး မြေပြင်မှာ ကူညီဆောင်ရွက်နေကြတဲ့ အဖွဲ့တွေမှာလည်း အခက်ခဲ ပိုရှိလာတယ်လို့ ပြောဆိုကြသည်။

ကရင်နီစစ်ရှောင်တွေကို ကူညီပေးနေတဲ့ Job For Kayah အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီ ဘက်က ဖိအားပေးခြင်းအားဖြင့် တားမြစ်ထားတာတွေလည်း ရှိတယ်။ အဲ့ဒီတွက် ဒီဘက်ကို ကူညီပေးတဲ့ အဖွဲ့တွေ သိပ်မလာနိုင်တော့တာတွေ ရှိတယ်။ ထောက်ပံ့ငွေတွေ မပေးနိုင်ဘူး။ ရိက္ခာတွေ မပို့နိုင်ဘူး။ မပို့လာနိုင်တဲ့ အခြေအနေတွေ ကြုံတွေ့လာနေရတယ်ပေါ့နော်။ နောက်ဒေသခံ ကူညီပေးတဲ့ ကျနော်တို့ အဖွဲ့တွေကျတော့လည်း အလှူရှင်တွေရဲ့ ရန်ပုံငွေ ထည့်ဝင်မှု ပံ့ပို့ပေးမှုတွေနဲ့ ပြန်ပြီး စစ်ရှောင်တွေ ကူရတာဆိုတော့ ဒီရန်ပုံငွေ မဝင်တာတွေ ရှိလာတာပေါ့နော်။ ဒီရန်ပုံငွေရှာရတာ အရမ်း ခက်ခဲလာတယ်။ ကမ်ပိန်းတွေလုပ်တော့လည်း မရတာတွေ ဖြစ်လာတာပေါ့နော်လို့” ပြောသည်။

စစ်ရှောင်ဦးရေ အများဆုံး ရှိနေသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ကိုယ်တိုင်ရှာဖွေ စားသောက်လို့ မရနိုင်တဲ့ အခြေအနေနဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှု နည်းလာတာတွေကြောင့် အခက်အခဲတွေ ပိုများလာတယ်လို့ စစ်ရှောင်တွေက ပြောဆိုသည်။

အဆိုပါဒေသသို့ မိုးဗြဲ၊ လွိုင်ကော်မြို့နယ်ကနေ ကုန်စည်တွေကို အဓိက တင်ပို့နေရတာ ဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်များတွင် စားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးတွေ တင်ပို့တာကို ဖမ်းဆီးမှုတွေ ပြုလုပ်တာကြောင့် စစ်ရှောင်တွေဆီ ရိက္ခာမရောက်လာနိုင်တော့ကြောင်း ကူညီပေးနေသူများက ပြောသည်။

လက်ရှိတွင် ကရင်နီပြည်တခုလုံး အတိုင်းအတာနှင့် စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်နိုင်တဲ့သူ နည်းပါးပြီး အလှူရှင်တွေက ပေးလှူတဲ့ ရိက္ခာတွေကိုသာ မှီခိုစားသောက်နေရသူ များနေတယ်လို့ ကူညီပေးနေသူများက ပြောဆိုသည်။

စစ်ရှောင်လူထုအတွက် UN Agency အဖွဲ့အစည်းတွေက ထိရောက်တဲ့ အကူအညီမရရှိတာကြောင့် လူထုအခြေပြု အဖွဲ့အစည်းတွေသာ အရေးပေါ် စီမံခန့်ခွဲပြီး ဖြေရှင်းပေးတာရှိတယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံး (KNOW) မှ အတွင်းရေးမှူး (၂) မော်ဖရေမြာက ပြောသည်။

“NGO တွေ တကယ့်ကြီးကြီးမားမား UN အဖွဲ့တို့ ဘာတို့က ကူညီပေးတာမျိုးတွေ မရှိဘဲနဲ့ ကျမတို့ ဒီလူထုအခြေပြုအဖွဲအစည်းတွေ CSO တွေနဲ့ အဲ့လိုပဲ အရေးပေါ် စီမံခန့်ခွဲပြီးတော့မှ ဖြေရှင်းပေးတာမျိုး တွေပဲ ရှိတာပေါ့။ ဆိုတော့ အခုလည်း မိုးတွင်းကာလလည်းဖြစ်တော့ သူတို့ပြန်ပြီးတော့မှ မိုးကာတွေ ပြန်လိုအပ်လာတဲ့ အပိုင်းတွေ နောက်ပြီးအရေးကြီးဆုံးက Food ပေါ့နော် ရိက္ခာပေါ့။ တချို့နေရာမျိုးတွေ ဒီးမော့ဆို အနောက်ခြမ်း တချို့နေရာမျိုးတွေ မှာ ဆိုလို့ရှိရင် သူတို့ ဟိုးအရင်ကတည်းကပါပဲ၊ သူတို့ရိက္ခာ လျှော့နည်းလာလို့ တစ်ရက်ကို ထမင်းသုံးနပ် မစားနိုင်တဲ့ အနေအထားမျိုးမှာ လူကြီးတွေက နှစ်နပ်စား၊ ကလေးဦးစားပေး ဆိုတဲ့ အဲ့လိုကြုံလာခဲ့တယ်ပေါ့နောလို့” ၎င်းက ပြောဆိုသည်။

ကရင်နီစစ်ရှောင်စခန်းများတွင် အဓိက စားနပ်ရိက္ခာဖြစ်သည့် ဆန် ပြတ်လပ်တာတွေ မကြာခဏ တွေ့ကြုံနေရတာကြောင့် ရေရှည်စားနပ်ရိက္ခာ ရရှိဖို့အတွက် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့များက စိုးရိမ်ပူပန်မှုများ ရှိနေသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here