ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO/PNA တို့မှ ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ပြောသည်။
ပအိုဝ်းဒေသအတွင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်နှင့် လင်းခေးခရိုင်ထဲက မောက်မယ်မြို့နယ်တို့တွင် ဆက်တိုက် ကျူးလွန်နေခြင်းဖြစ်သည်ဟု PNLA က ဆိုသည်။
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူစစ် PNO/PNA တို့သည် ယခုရက်ပိုင်းအတွင်း ပအိုဝ်းဒေသရှိ ပြည်သူလူထုများကို စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံက ပြောသည်။
“ အခုဆိုရင်တော့ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက ပအိုဝ်းရွာတွေကို စစ်ကြောင်းတွေထိုးပြီးတော့မှ ဗုံးကြဲ၊ လေယာဉ်တွေ ဒရုန်းတွေ အသုံးပြုပြီးတော့မှ ပြည်သူလူထုတွေ ရဟန်းသံဃာတွေကို ပစ်ခတ်သတ်ဖြတ် ဖျက်ဆီးတာတွေ လုပ်နေတော့ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်လာနေပါတယ်” ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ ၂ စင်းဖြင့် မောက်မယ်မြို့နယ်ထဲက ဟိုနမ့်ကျေးရွာအုပ်စုထဲရှိ ပအိုဝ်းကျေး ရွာ ၂ ရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု PNLA က ဆိုသည်။
ခွန်ရိန်းယံက “ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထိန်းချုပ်နယ်မြေအတွင်းရှိ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသမှာတော့ မနက် ၄ နာရီအချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံး ၁၄ လုံး ကြဲချသွားတယ်ပေါ့နော်။ တကြိမ်ကို ဗုံး ၇ လုံး ကြဲချသွားတယ်။ အဲဒီမှာ နှစ်နေရာ ကြဲချသွားတယ်။ ပအိုဝ်းရွာနှစ်ရွာကို ပေါ့လေ။ တစ်ရွာကတော့ ဘာမှမဖြစ်ဘူး။ တစ်ရွာကတော့ နေအိမ် ၁၁ လုံးကျော် ထိသွားတယ်။ လူထိတာတော့ မရှိဘူးပေါ့လေ။ လူကတော့ ရှောင်ကုန်ပြီပေါ့။ တိမ်းရှောင်ကုန်တော့ လူတွေ ထိခိုက်မှုမရှိဘူးဆိုပေမယ့် အိမ်တွေတော့ ပျက်စီးသွားတာရှိပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO/PNA တို့၏ မြေပြင်ထိုးစစ်၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံများသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ပြောသည်။
အလားတူ ဆီဆိုင်မြို့နယ် ဆီဆိုင် – လွိုင်ကော် လမ်းမကြီးပေါ်ရှိ အောင်ကလပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် နိုဝင်ဘာလ ၃၀ ရက်နေ့၊ နေ့လည် ၂ နာရီအချိန်က ထီးစဲခါး ရေတံခွန်ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြသေးသည်။
ထိုပစ်ခတ်မှုကြောင့် ထီစဲးခါးကျောင်းဆရာတော်သည် အပစ်ခံခဲ့ရသည့် နေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး ကားပေါ်တွင် ပါလာသည့် အခြားဆရာတော် ၂ ပါးသည်လည်း ပြင်းထန်ဒဏ်ရာများ ရခဲ့သည်။
ခွန်ရိန်းယံက “ဆရာတော်ကားနဲ့ပဲ ဆီဆိုင်မြို့ဘက်ကို အလာပေါ့နော် အောင်သာရရွာမှာရှိတဲ့ စစ်ကောင်စီက ဝိုင်းပစ်လိုက်တာကို ဆရာတော်က ပျံလွန်တော်မူသွားတယ်။ တခြား ဆရာတော်နှစ်ပါးလည်း အပြင်းအထန် ဒဏ်ရာရသွားတယ်ပေါ့နော်၊ ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာကတော့ လွိုင်ကော် – ဆီဆိုင် လမ်းမကြီးပေါ်မှာ ဖြစ်တယ်။ အဲဒီမှာက စစ်ကောင်စီ စိုးမိုးထားတဲ့ နယ်မြေတွေ ဖြစ်တယ်၊ ပြီးတော့ အောင်ကလပ်ရွာကလည်း စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာဖြစ်ပါတယ်၊ ဘာကြောင့် ပစ်တာလဲတော့ မသိဘူးပေါ့လေ” ဟု ပြောသည်။
ထိုပစ်ခတ်မှုသည် စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယခင်ကလည်း ထီစဲးခါးဘုန်းကြီးကျောင်းအား စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိခဲ့ဖူးသည်။ ထီစဲးခါးဘုန်းကြီးကျောင်းအား ပစ်ခတ်ခြင်း မလုပ်ရန် ဆရာတော်မှ စစ်ကောင်စီတပ်အား သွားရောက်မေတ္တာရပ်ခံခဲ့ဖူးသည်ဟု ခွန်းရိန်းယံက ဆိုသည်။
ထို့အတူ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာ အုပ်စုထဲတွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO တို့က ထီဖက်နမ်ကျေးရွာက အိမ်များအား မီးရှို့ခဲ့သည့်အပြင် ဒေသခံ ၄ ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု PNLA က ပြောသည်။
စစ်ကောင်စီတပ်နှင့် PNA/PNO ပြည်သူ့စစ်အဖွဲ့တို့သည် ပအိုဝ်းရဟန်းတော် သံဃာတော်များ၏ မေတ္တာရပ်ခံချက်ကို လျစ်လျူရှု ပစ်ပယ်ပြီး နိုဝင်ဘာလ (၂၀) ရက်နေ့မှစတင်ကာ PNLA တပ်စခန်းရှိသည့် ဟိုနမ့်ကျေးရွာအုပ်စုဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် ပအိုဝ်းပြည်သူများအား ဖမ်းဆီးခြင်း၊ ပအိုဝ်းပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို လုပ်လာသည်ဟု PNLA ပြောဆိုသည်။
NMG ပေးပို့သည်။