စစ်မှုထမ်းရန် ရွေးချယ်ခံရသည့် ဧရာဝတီတိုင်းက လူငယ် ၂ ဦး အဆိပ်သောက်သတ်သေ

0
140
Photo - ပုသိမ်သား

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့တွင် စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ခံရသည့် လူငယ်နှစ်ဦး အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ကန်ကြီးထောင့်မြို့နယ်၊ မြတ်လေးချောင်းအုပ်စု၊ ရေတွင်းချောင်ရွာတွင် မတ် ၁၆ ရက်နေ့က စစ်မှုထမ်းရန် လူငယ်များအား မဲနှိုက်ရွေးချယ်ခဲ့ရာ၌ မဲပေါက်သည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးသည် စစ်မှုမထမ်းလို သောကြောင့် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်ဟု ကန်ကြီးထောင့်ဒေသခံများက ပြောသည်။

“ဟုတ်ပါတယ်၊ ကျွန်တော်တို့နဲ့တော့ နည်းနည်းဝေးတယ်။ အဆိပ်သောက်ပြီး ပုသိမ်ဆေးရုံကြီးမှာ ဆေးကုသတာခံယူပြီး ကွယ်လွန်တာလို့ သိရတယ်” ဟု ကန်ကြီးထောင့်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလူငယ်အား ကန်ကြီးထောင့်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခြေအနေ မကောင်းသောကြောင့် ပုသိမ် ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပြောင်းရွှေ့ ဆေးဝါးကုသမှုခံယူစဉ် မတ်လ ၁၇ ညနေပိုင်းတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဖျာပုံမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မတ်လ ၁၆ ရက်၌ စစ်မှုထမ်းရန် ကျေးရွာထဲရှိလူငယ်များအား မဲနှိုက်ရွေးချယ်ခဲ့ရာတွင် မဲပေါက်သွားသည့် အသက် ၁၈ အရွယ် လူငယ်တစ်ဦး အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်ဟု နီးစပ်ရာရွာခံများထံမှ သိရသည်။

“ဟုတ်တယ် ကလေးက သေသွားပြီ။ ကျေးရွာနဲ့ လူနာမည်ကို ပြောလို့မရဘူး။ သူတို့မိသားစုလုံခြုံရေးက ရှိသေးတယ်။ စစ်ကောင်စီက စုံစမ်းနေတယ်။ သူတို့ကြောက်နေတယ်၊ အခုတော့ လုံခြုံပါတယ်” ဟု ဖျာပုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကလေးအုပ်စုတွင် အသက် ၂၄ နှစ် မှ ၃၅ နှစ်ကြားရှိ အမျိုးသားများ မဲနှိုက်ခဲ့ကြရာ အစုကြီးကျေးရွာနေ အမျိုးသားတစ်ဦး မဲပေါက်သဖြင့် အဆိပ်သောက် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ ရာ၌ ကျေးရွာအတွင်း ဆန္ဒပြမူဖြစ်ပွားခဲ့သောကြောင့် ဇရပ်လှကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး အဖွဲ့များက သွားရောက်ထိန်းသိမ်းခဲ့ရသည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် ပြည်သူ့စစ်မှုထမ်း ဥပေဒအရ အသက် ၂၀ နှင့် ၃၅ နှစ် အရွယ် လူငယ်အမျိုးသားများအား စစ်မှုထမ်းရန် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက မဲစနစ်ဖြင့် ရွေးချယ်မှုကို မတ်လတတိယပတ်တွင် စတင်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here