စစ်တွေတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အသက် ၅ဝ ကျော်အရွယ်အမျိုးသားသေဆုံး

0
418

ရခိုင်ပြည်၊ စစ်တွေမြို့တွင် အောက်တိုဘာ ၅ ရက်နေ့ ည ၉ နာရီခန့်က သေနတ်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး စက်ရုံစုရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ အောင်ပါရမီဘုန်းတော်ကြီးကျောင်းအနီးတွင် ယင်းနေ့ ည ၉ နာရီခန့်က အဆိုပါ ရပ်ကွက်တွင်နေထိုင်သူ ဦးမောင်ကျိုင်စိန် ဆိုသူသည် သေနတ်ဖြင့် ငါးချက်ပစ်ခတ် ခံရပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်ငါးချက်ပစ်ခံရပြီး ဒဏ်ရာပြင်းထန်တော့ ဆေးရုံရောက်ပြီး သေသွားတယ်။ သူ့သမီးလည်း ခြေထောက်မှာ ဒဏ်ရာရသွားတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရသွားသည့် သမီးဖြစ်သူတို့ကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သေနတ်ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည့်နေရာသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) အခြေစိုက်ရုံးနားတွင် ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“စက်ရုံစုရပ်ကွက် ALP ဌာနချုပ်နားမှာ ဖြစ်သွားတာပါ။ ဘယ်အဖွဲ့က ပစ်မှန်းတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီကလည်း စစ်တွေမြို့လယ်ခေါင်တွင် အသက် ၄၀ အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့၌ သေနတ်ဖြင့် ပတ်ခတ်ခံလိုက်ရပြီး ချွန်ထက်သည့်အရာတစ်ခုဖြင့် ထိုးသွင်းခံလိုက်ရ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here