စစ်တွေတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသား/ကျောင်းသူ ၂ ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရ

0
301

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်း စစ်‌ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်တွေဒေသခံတစ်ဦးက “ပစ်တာက နေဗီ(Navy) ကလား၊ တပ်ကလား မသိဘူး။ ကျောင်းနဲ့ ပေ ၃၀ အကွာမှာ ကျတာ။ ပြတင်းပေါက်မှန်ကို ဖေါက်ပြီးဝင်သွားတယ်။ စာမေးပွဲအချိန်‌စေ့လို့ ခေါင်းလောင်းထိုး‌ နေတဲ့အချိန် သူတို့ကအခန်းထဲက မထွက်ရသေးဘူး” ဟု ပြောသည်။

စစ်တွေမြို့နယ်၊ ပါဒလိတ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းအနီးကို မတ်လ ၁၁ ရက် နေ့လယ် ၁၂ နာရီ အချိန်ခန့်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျည်စကျောင်းပြတင်းပေါက်သို့ စဉ်ကျလာကာ စာမေးပွဲဖြေဆိုနေသည့် ‌ကျောင်းသားနှင့်ကျောင်းသူတို့အား ထိမှန်သွားခဲ့သည်ဟု ၎င်းက ပြောပါသည်။

ကျောင်းသူနဖူးတွင် ဒဏ်ရာရရှိပြီး ကျောင်းသား၏ ခါးနားတွင် ဒဏ်ရာရရှိသွားသည်ဟု အဆိုပါ စစ်တွေဒေသခံက ဆက်ပြောသည်။

“မိန်းကလေးက နဖူးကွဲတယ်။ ယောက်ျားလေးက မိန်းကလေးထက် ဒဏ်ရာပိုများတယ်။ သူတို့ မိဘတွေက စစ်တွေမြို့ပေါ်မှာ ထပ်ဖြေခွင့်တောင်းတယ်တဲ့” ၎င်းက ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ကောင်စီ၏နယ်မြေခံ တပ်ဆေးရုံ ကုတင် (၁၀၀) သို့ ပို့ဆောင်ထားဟု ဆိုသည်။

ပါဒလိတ်ကျေးရွာ အနီးတွင် စစ်ကောင်စီ၏ ၂၃၂ တပ် အပါအဝင် ၃၄၄ တပ်နှင့် ပညာရေး (၁ဝ) လေ့ကျင့်ရေးတပ်များရှိကြောင်း ဒေသခံများက ပြောသည်။

စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ မှ မတ်လ ၁၉ ရက်နေ့ထိ မြန်မာနိုင်ငံတဝှမ်းတွင် စတင်ကျင်းပနေကြောင်း သိရသည်။

အဆိုပါလက်နက်ကြီးပစ်ခတ်မှုကို ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်ခြင်းဖြစ်ပြီး စာမေးပွဲဖြေဆိုပြီး၍ ပြန်လာသည့် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတွင် ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ မတ်လ ၁၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here