စစ်ဆေးမှု တင်းကြပ်သဖြင့် စစ်ရှောင်များထံ ကူညီထောက်ပံရေးပစ္စည်း ပေးပို့မှု အခက်ကြုံ

0
296
ပုံစာ - တနင်္သာရီရှိ ဥယျာဉ်ခြံများအတွင်း စစ်ရှောင်နေသူတချို့ကို စားရိက္ခာထောက်ပံနေစဉ်။

တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်များထံသို့ ကူညီထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ရာတွင် စစ်ကောင်စီ တပ်များက တင်းတင်းကြပ်ကြပ် စစ်ဆေးနေသဖြင့် အခက်အခဲများ ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီသူများက ပြောသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် စားသောက်ကုန် ပစ္စည်းများနှင့် ဆေးဝါးများကို အစစ်အဆေး တင်းကြပ်ခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ပူးပေါင်းအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထောက်ပံ့ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရာ လမ်းခရီးများတွင် စစ်ကောင်စီက ရှာဖွေဖမ်းဆီး၊ သိမ်းဆည်းမှုများ ပိုပြုလုပ်လာသည့် အပြင် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည်လည်း အဓိက စိမ်ခေါ်မှုတရပ် ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ထိုအခြေအနေများကြောင့် တနင်္သာရီမြို့နယ် အတွင်းရှိ အသက် ၄၅ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “ အမိုးအကာနဲ့ ဆန်၊ ဆီ၊ ဆေး၊ ဆားလောက် ရရင်ကို အဆင်ပြေပါတယ်။ ကျန်တာက တောထဲမှာ ရှာကြံ စားသောက်လို့ ရတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေအတွက် ကျန်းမာရေးပိုင်းပဲ စိတ်ပူတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီက မြို့ပေါ်ရှိ အရောင်းဆိုင်များကို လွတ်လပ်စွာ ရောင်းချခြင်း မပြုနိုင်ရန် ဖိအားပေး စေခိုင်းမှုများ ရှိနေခြင်းကြောင့် လိုအပ်သည့် ပစ္စည်းများနှင့် ရိက္ခာများ ဝယ်ယူရန် ခက်ခဲနေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

စစ်ဘေးရှောင်များသည် တောတောင်များအတွင်းနှင့် ဥယျာဉ်ခြံများအတွင်း ရရာပစ္စည်းများဖြင့် ယာယီတဲထိုး နေထိုင်ကြရာ စားနပ်ရိက္ခာများအပြင် အမိုးအကာများလည်း ရာနှင့်ချီ လိုအပ်နေပြီး မိုးတွင်းကာလသို့ ရောက် ရှိလာခြင်းကြောင့် ဝမ်းပျက်ဝမ်းလျော၊ ရာသီတုတ်ကွေးနှင့် ငှက်ဖျားရောဂါကု ဆေးဝါးများလည်း လိုအပ်လျက် ရှိသည်ဟု ကူညီပေးနေသူများက ပြောဆိုသည်။

ယခင်နှစ်များက မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင် ရသူများကိုသာ ရည်ရွယ် ကူညီပေးခဲ့ရသော်လည်း ယခုနှစ်တွင် ကျွန်းစုမြို့နယ်အတွင်းမှာပါ တိုး၍ ကူညီပေးနေရသည်ဟု စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေး ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

စစ်ဘေးရှောင်များကို နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့၊ တွဲလက်ညီညီ စစ်ဘေးရှောင် ကူညီရေးအဖွဲ့နှင့် ဒေါန – တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူ ပေးရေးအဖွဲ့ စသည့် လူမှုရေး အဖွဲ့အစည်းများက ကူညီ ပေးလျက် ရှိကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀ ခန့် စစ်ဘေးတိမ်းရှောင် နေကြရပြီး ယခင် ၂၀၂၂ ခုနှစ်က စစ်ရှောင် စခန်းတွင် အမြဲတမ်း စစ်ရှောင်သူဦးရေ ၁၀၀၀ ကျော်သာ ရှိနေခဲ့ရာမှ ယခုလက်ရှိတွင် ၂၀၀၀ ကျော် အထိ ရှိနေသည်ဟု ပုလောစစ်ဘေးရှောင် စီမံခန့်ခွဲရေး ကော်မတီအဖွဲ့က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ထို့အပြင် စစ်ရှောင်စခန်းတွင် လာရောက် ခိုလှုံခြင်း မပြုဘဲ နီးစပ်ရာ ဆွေမျိုးများရှိရာ ကျေးရွာများနှင့် မြို့ပေါ်များသို့ ထွက်ပြေး တိမ်းရှောင် နေကြရသူ အယောက် ၂၀၀၀ ဝန်းကျင်ခန့် ရှိနေကြောင်း ကူညီပေးနေသူများက ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းက တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁၀ အုပ်စုမှ လူဦးရေ ၁၅၀၀ ကျော်ကို ကူညီထောက်ပံ့ ပေးခဲ့ရသည်ဟု နွေဦးမေတ္တာ စစ်ရှောင်ကူညီပေးရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တနင်္သာရီ မြို့နယ်အတွင်း စစ်ရှောင်စခန်း သီးခြား မရှိသေးခြင်းကြောင့် စစ်ရှောင်အရေအတွက် ကောက်ယူရန် ခက်ခဲနေပြီး မြို့နယ်တခုလုံးတွင် ပြီးခဲ့သည့် မေလအတွင်းက အမြဲတမ်းစစ်ရှောင် အပါအဝင် စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း ၅၀၀၀ ကျော်ခန့် ရှိကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိ ဇွန်လအတွင်း အရှေ့မော်တုန်း၊ အနောက်မော်တုန်း၊ ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ကမ်းတို၊ ရမ်းဖို စသည့် ကျေးရွာများအနီး ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ၁၆၀၀ ဝန်းကျင် ရှိလာပြီး ကျွန်းစုမြို့နယ် အတွင်းလည်း ဘန္ဒနဲ၊ ကျွန်းသာ၊ မြိုင်သာ၊ ကမ်းသာ စသည့် ကျေးရွာများမှ စစ်ဘေးရှောင်ရသူ ဦးရေ ၁၀၀၀ နီးပါး ရှိနေသည်ဟု စစ်ရှောင်ကူညီပေးရေး အဖွဲ့များက သည်။

ပုလောနှင့် တနင်္သာရီမြို့နယ်များ အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်အဖွဲ့ နည်းပါးနေခြင်းကြောင့် ထောင်နှင့်ချီသည့် စစ်ရှောင်များအတွက် အခြေခံ လိုအပ်ချက်များ လုံလောက်စွာ ပံ့ပိုးပေးနိုင်ရန် မြိတ်ခရိုင် အတွင်း ကူညီပေးနိုင်မည့် အဖွဲ့အစည်းများကို မျှော်နေကြသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဘေးရှောင်များအား NUG အစိုးရမှ ကူညီပံ့ပိုးပေးမှုများ ရှိနေခဲ့သော်လည်း အကန့်အသတ်ဖြင့်သာ ရရှိနေခြင်းကြောင့် ရေရှည်တွင် စစ်ရှောင်များ ငတ်ပြတ်မှုများ ဖြစ်လာနိုင်ပြီး အခြေခံ လိုအပ်ချက်များ ပြည့်မှီအောင် ဖြည့်ဆည်းပေးနိုင်ရန် အရေးကြီး လိုအပ်နေသည်ဟု သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here