စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုကြောင့် မောင်တောနှင့် ဘူးသီးတောင်မှ ဒုက္ခသည် ၂၈၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ မထောက်ပံ့နိုင်ခဲ့ဟု WFP ပြောဆို

0
328

ရခိုင်ပြည်နယ်အတွင်း မောင်တော မြောက်ပိုင်းနှင့် ဘူးသီးတောင် တောင်ပိုင်းတွင်ရှိသော ဒုက္ခသည် ၂၈၀၀၀ ကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မတ်လအတွင်း သွားရောက် အကူအညီပေးနိုင်ခြင်းများမရှိခဲ့ဟု သိရသည်။

လက်ရှိတွင် ဒေသမငြိမ်မသက်မှုများကြောင့်ဟုဆိုသည့်အကြောင်းပြချက်ဖြင့် သက်ဆိုင်ရာက သွားလာထောက်ပံ့ခွင့်ပိတ်ပင်ထားဆဲဖြစ်၍ သွားရောက်နိုင်ခြင်း မရှိခဲ့ခြင်းဖြစ်ကြောင်း WFP က ပြောသည်။

“အခြေအနေမငြိမ်သက်မှုတွေကြောင့် မောင်တော မြောက်ပိုင်းနဲ့ ဘူးသီးတောင် တောင်ပိုင်းမှာရှိတဲ့ လူဦးရေ ၂၈,၀၀၀ ကျော်ထံ သွားရောက်အကူအညီပေးဖို့အတွက် ကျနော်တို့အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံးပြန်လည်ပေးနိုင်ဖို့လိုအပ်နေကြောင်း ကျနော်တို့ ဆော်သြနေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ်လအတွင်း WFP ၏ အကူအညီအထောက်အပံ့ကို မရရှိသူများမှာ ရခိုင်ဒုက္ခသည်များနှင့် မွတ်ဆလင်ဒုက္ခသည်များပါ ပါရှိသည်ဟု ဆိုသည်။

ယင်းအနက် ဘူးသီးတောင် တောင်ပိုင်းဒေသမှ ဒုက္ခသည်များမှာ ၂၀၁၉ ခုနှစ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကာလကတည်းက နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်လာကြသူများ ဖြစ်သည်။
မောင်တောမြောက်ပိုင်းတွင်ရှိသော ဒုက္ခသည်များမှာ ရခိုင်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ပွားခင်ကတည်းက ရှိနေသော ဒုက္ခသည်များဖြစ်သည်ဟု WFP က ဆိုသည်။

WFP အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အခြားမြို့နယ်များရှိ စစ်ဘေးရှောင်များအပါအဝင် လူဦးရေ ၃၀၀,၀၀၀ ခန့်အတွက် အကူအညီများအား ဆက်လက်ထောက်ပံ့လျက်ရှိသည်ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လမှစတင်ကာ တကျော့ပြန် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့များပေးနေသည့် NGO ၊ INGO များကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံစသည့် မြို့နယ် ၆ ခုသို့ သွားလာထောက်ပံ့ခွင့်ကို စစ်ကောင်စီက ဇူလိုင်လတွင် ကန့်သတ်ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here