ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့မှာ ပိတ်မိနေတဲ့ လွိုင်ကော်တက္ကသိုလ်နဲ့ လွိုင်ကော်စက်မှုကျောင်းက Non CDM ဝန်ထမ်း စုစုပေါင်း ၁၃၄ ဦးနဲ့ မိသားစုဝင် ၆၄ ဦးကို ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံမှ သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၄ ရက်မှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC ) က ထုတ်ပြန်သည်။
1111 (တစ်လေးလုံး) စစ်ဆင်ရေး စတင်ပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေကို လက်နက်ကြီးတွေ၊ တိုက်ပွဲတွေကြားထဲကနေ ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံနဲ့ အရပ်ဖက်အဖွဲ့အစည်း ဖြစ်တဲ့ ပရဟိတအသင်းတွေက ခက်ခက်ခဲခဲ သွားရောက်ကယ်ထုတ် ခဲ့တာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ပြောသည်။
“ဒီဘက် လွိုင်ကော်တက္ကသိုလ်က Non CDM ဆရာဆရာမတွေ နောက် မိသားစုဝင်အများစု ဖြစ်ပါတယ်။ နောက်ပြီးတော့မှ ဒီဘက် ကျနော်တို့စက်မှုကျောင်းက လွိုင်ကော်နားမှာရှိတဲ့ စက်မှုကျောင်းက တချို့ Non CDM တွေ ပါပါတယ်။ သူတို့ကတော့ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်တို့ ခက်ခက်ခဲခဲ ခေါ်ထုတ်လာ ရတာပေါ့နော်၊ သူတို့ကို စစ်ကောင်စီကနေ ထားခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ကို ထားခဲ့တယ်။ ဒီတိုင်းပဲ သူတို့ပိတ်မိပြီးတော့မှ ဒီတိုင်းထားခဲ့တယ်။ အမှန်ဆို ၁၁ ရက်နေ့ ကတည်းက ထွက်ရင်ထွက်လို့ရတယ်၊ ဒါပေမဲ့ မထွက်ဘူးပေါ့နော်။ အဲ့တာ ကျနော်တို့ကနေ ခက်ခက်ခဲခဲသွားပြီးတော့မှ ကြိုလာရတယ်” လို့ ဦးဗညားက ဆိုသည်။
ကယ်ထုတ်သွားတဲ့ Non CDM ဝန်ထမ်းနဲ့ မိသားစုဝင်တွေကို လူ့အခွင့်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုနဲ့အညီ လုံခြုံတဲ့နေရာမှာထားရှိပြီး စောင့်ရှောက်ပေးနေတယ်လို့ ဦးဗညားက ဆက်ပြောပါသည်။
Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး IEC က နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒတွေကို စီစဉ်ဆောင်ရွက်ထားတာ မရှိသေးတဲ့အတွက်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ CDM ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ ကိုးကားချက်တွေအပေါ် အခြေခံ၍ စီမံဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိသည်။
ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။