စစ်ကောင်စီလက်အောက်ရှိ တပ်ဖွဲ့ဝင်များ အလျင်အမြန် ဘက်ပြောင်းခိုလှုံကြရန် KNU တိုက်တွန်း

0
434

KNU-ကရင့်အမျိုးသားအစည်းအရုံးအနေဖြင့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအား အရှိန်အဟုန်ပြင်းထန်သော တိုက်ပွဲလှိုင်းဂယက်များကြောင့် KNU သို့ အမြန်ဆုံးဘက်ပြောင်း၍ လက်တွဲပူးပေါင်းကြရန် နိုဝင်ဘာ ၁၇ ရက်နေ့က ၎င်းတို့၏ လှုမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်တင်ဆက်ထားသော ရုပ်သံမှတဆင့် KNU ပြောခွင့်ရပဒိုစောတောနီးက အသိပေးတိုက်တွန်းထားသည်။

စစ်အာဏာသိမ်းကာလအတွင်း ကေအဲန်ယူနယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အများအပြား ရှိခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များ၏ “၁၀၂၇ စစ်ဆင်‌ရေး” အတွင်း စစ်တပ်က ၎င်းတို့၏ကျဆုံးအင်အားကို ထပ်မံဖြည့်တင်းနိုင်ခြင်း မရှိတော့သောကြောင့် တော်လှန်‌ရေး တိုက်ပွဲမှာ အဖြူအမဲသဲကွဲနေပြီဖြစ်ကြောင်း KNU ပြောခွင့်ရသူက အဆိုပါရုပ်သံတွင် ထည့်သွင်းပြောဆိုသည်။

ကေအဲန်ယူအနေဖြင့်လည်း ပိုမိုပြင်းထန်သော လှိုင်းဂယက်မျိုးကို သယ်ဆောင်လာတော့မည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးပါဝင်သော လူထုတိုက်ပွဲများ၊ မျက်နှာစာအသီးသီးရှိ နိုင်ငံရေးနှင့် သံတမာန်ရေးတိုက်ပွဲများ၊ စီးပွားရေးပိတ်ဆို့မှုများကို ဖော်ဆောင်တော့မည် ဖြစ်သောကြောင့် စစ်တပ်လက်အောက်ခံများအနေဖြင့် KNU သို့ ဘက်ပြောင်းပူးပေါင်းကြရန် ပဒိုစောတောနီးက ယခုလိုပြောသည်။

“ ကျနော်တို့ကေအဲန်ယူ တပ်မဟာ (၂) နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက စစ်ကောင်စီရဲ့ DSA ကျောင်းဆင်း တပ်မမှူးဗိုလ်မှူးချုပ်ကောင်းမြတ်ကို သုတ်သင်ခဲ့တဲ့ ဖြစ်ရပ်မျိုးရှိခဲ့ပြီး အခုတစ်ခေါက် ကျနော်တို့က ဒီထက်ပိုပြင်းထန်တဲ့ လှိုင်းဂယက်မျိုးကို သယ်ဆောင်လာတော့မှာဖြစ်တယ်။ စစ်ကောင်စီ လက်အောက်မှာ ရှိတဲ့သူတွေဟာ ကျနော်တို့ရဲ့လက်ချက်နဲ့ပဲ ဆုံးရှုံးမှုတရပ်ကို ရင်ဆိုင်ရတော့မှာပါ။ ဒါကြောင့် ကျနော်တို့နဲ့လက်တွဲပြီး ဘက်ပြောင်းလာကြပါ။ ပြောင်းလာလို့မရဘူးဆိုရင် ရှိတဲ့နေရာမှာပဲ စစ်ကောင်စီကို အပြုတ်တိုက်ကြပါ” ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် စစ်ရေး၊ နိုင်ငံရေးအရ ဆောက်တည်ရာမရ ဖြစ်နေသော စစ်ကောင်စီအနေဖြင့် ပြည်သူလူထု ဝေဝါးလာစေရန် နိုင်ငံရေးအကျဥ်းသားတချို့ကို ပြန်လွှတ်ပေးခြင်း၊ နိုင်ငံတော်ခေါင်းဆောင်တစ်ဦးအား ပြန်လည်လွတ်မြောက်ခွင့်ပေးကာ ညှိနှိုင်းခြင်းမျိုး လုပ်ဆောင်လာနိုင်ဖွယ်ရာ ရှိသည့်အတွက် လူထုအပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် တွေဝေစရာမလိုဘဲ KNU နှင့် လက်တွဲပူးပေါင်းကြရန် ပဒိုစောတောနီးက သတိပေးနှိုးဆော်ထားသည်။

ကေအဲန်ယူအနေဖြင့်လည်း ပြည်သူနှင့်လက်တွဲဆောင်ရွက်ကာ တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများကလည်း ထောက်ခံအားပေးကြရန်နှင့် မြန်မာပြည် တစ်ဝှမ်းရှိ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရသူ ဒုက္ခသည် ၂ သန်းအတွက် လိုအပ်သော လူသားချင်းစာနာမှု အကူအညီများပေးရန် တောင်းဆိုထားသည်။

စစ်အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲပေါင်း ၁ သောင်း ၁ ထောင်ကျော် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ အယောက် ၁၀,၇၄၁ ဦး သေဆုံး၍ ၇ ထောင်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဘက်က ပြုစုထားသည့် စာရင်းများအရ သိရသည်။

လက်ရှိအချိန်ထိ ရှမ်းမြောက်အဖွဲ့များ၏ “၁၀၂၇ စစ်ဆင်‌ရေး” အတွင်း မြို့ ၅ မြို့အပါအဝင် စစ်ကောင်စီ၏ စခန်းပေါင်း ၁၅၀ ကျော်အား သိမ်းပိုက်ထားနိုင်ပြီဟု ကိုးကန့်အဖွဲ့ (MNDAA) က ထုတ်ပြန်ထားသလို ကရင်နီ (ကယား) တော်လှန်ရေးတပ်ဖွဲ့များ၏ “၁၁.၁၁ စစ်ဆင်ရေး” အတွင်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့ထံ စစ်ကောင်စီဘက်က လက်နက်ချအညံ့ခံလာသူ ၄၀ ဦး ထက်မနည်း ရှိနေပြီး လက်နက်ကြီး လက်နက်ငယ် အများအပြားလည်း သိမ်းဆည်းရမိထားကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here