စစ်ကောင်စီလက်နက်ကြီးကြောင့် မီးဘေးသင့်ခဲ့သည့် ဓမ္မသကျေးရွာတွင် ဒေသခံပြည်သူ ၁၅၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ

0
279
Photo – Social Media

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ဓမ္မသကျေးရွာတွင် စစ်ကောင်စီ၏ ဂျိုုင်းမြစ်ရှိရေတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အလုံး ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးသင့်ပြည်သူ ၁၅၀၀ ခန့်သည် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကူညီကယ်ဆယ်ပေးနေသူများက ပြောသည်။

လက်ရှိ၌ မီးဘေးသင့် ဒေသခံပြည်သူများသည် ဓမ္မသကျေးရွာရှိ ဘုန်းကြီးကျောင်း၊ ကျောက်တုံးရေပေါ်တောင်၊ မိန်းမလိပ်တောင် အစ ရှိသည့် ဂူများတွင် နေထိုင်နေကြပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအတွက် အခက်အခဲ ရှိနေကြောင်း သိရသည်။

ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “သူတို့က တောင်ကြားမှာနေနေကြရတယ်။ လောလောဆယ် စင်္ကာပူအဖွဲ့က စုပေါင်းပြီးတော့ တစ်ရက် ၁၀ သိန်းလှူနေတာ ကျွန်တော်တို့ပဲ ပစ္စည်းသွားဝေနေတယ်။ သူတို့အတွက်က အဆင်မပြေဘူး၊ စားစရာသောက်စရာလည်း မရှိ၊ စစ်ဘေးရှောင်ပြေးတာတောင် အဆင်ပြေ သေးတယ်၊ အခုအိမ်ပါသွားတော့ ဘာမှမရှိတော့ဘူး” ဟု ဆိုသည်။

မတ်လ ၂၇ ရက် ညနေ ၃ နာရီခန့်က ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီစစ်သင်္ဘောမှ လက်နက်ကြီးနှင့်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကျေးရွာနေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ နေအိမ်အများအပြား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်သုံးပုံတစ်ပုံခန့် မီးလောင် ပြာကျပျက်စီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် လုံခြုံရေးအခြေအနေ အရပ်ရပ်ကြောင့် မီးငြိမ်းသတ်ရန် လူအင်အားနှင့် မီးသတ်ကားအင်အား အကူအညီရရှိမှု နည်းပါးခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း ဆိုင်ကယ်များအပါအဝင် ပျဉ်းထောင်အိမ်၊ နှစ်ထပ်တိုက်အိမ်များ မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်းသောင်းနှင့်ချီ ရှိနိုင်သည်ဟု ဒေသခံများက ပြောပါသည်။

ကျိုက်မရောမြို့ ဓမ္မသကျေးရွာတွင် အိမ်ခြေအရေအတွက် ၁၀၀၀ ကျော် ရှိပြီး လူဦးရေ ၅၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

ဓမ္မသကျေးရွာတွင် နှစ်ဖက်တပ်အကြား ပစ်ခတ်မှုတိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း ထိုကျေးရွာနှင့် နယ်မြေချင်း စပ်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကော့ဘိန်းကျေးရွာတိုက်ပွဲကြောင့် စစ်ကောင်စီတပ်မှ ကုန်းကြောင်းအပြင် ရေကြောင်းဖြင့်ပါ ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ယခုလိုမီးလောင်မှုဖြစ်ပွားပြီး ဒေသတွင်းရှိ ပြည်သူများသည်လည်း ထိန့်လန့်လျှက်ရှိနေကြသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here