29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းစစ်ကောင်စီထိန်းချုပ်သည့် မူဆယ်မြို့တွင် တရားဥပဒေစိုးမိုးမှုမရှိဘဲ လောင်းကစားရုံ၊ မူးယစ်ဆေးပေါများနေ

စစ်ကောင်စီထိန်းချုပ်သည့် မူဆယ်မြို့တွင် တရားဥပဒေစိုးမိုးမှုမရှိဘဲ လောင်းကစားရုံ၊ မူးယစ်ဆေးပေါများနေ

တရုတ်-မြန်မာနယ်စပ်မြို့တခုဖြစ်သည့် စစ်ကောင်စီထိန်းချုပ်ထားရာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အတွင်း လောင်းကစားရုံနှင့် မူးယစ်ဆေးဝါး ပေါများလာသည့် အပြင်တရားဥပဒေစိုးမိုးမှုလည်း မရှိတော့ကြောင်း ဒေသခံတို့ ပြောဆိုမှုအရသိရသည်။

သျှမ်း- တရုတ်နယ်စပ် မူဆယ်မြို့အတွင်း လောင်းကစားရုံများ၊ KTV များ အထူးပေါများနေကြောင်း မူးယစ် ဆေးဝါးသုံးစွဲသူ များလာသည်နှင့်အမျှ လုယက်မှု၊ ခိုးမှုများလည်း နေ့စဉ်လိုလို ဖြစ်ပွားနေကြောင်း မူဆယ်ဒေသခံလူငယ်တစ်ဦးက ယခုလိုပြောသည်။

“မြို့ပေါ်မှာ ၃ ဆိုင်ရှိတယ်၊ ဘော်လုံးကွင်းအဟောင်းနားမှာပဲ၊ လောင်းကစားအပြင် မူးယစ်ဆေးတွေလဲ ရောင်းဝယ်သုံးစွဲနေတာ၊ တချို့ကြ လောင်းကစားသွားလုပ်တယ်၊ တချို့ကြ မလုပ်ဘူး၊ မူးယစ်ဆေးတွေ သွားသုံးတာ၊ အဲ့ဒါမြို့လယ်ခေါင်မှာနော် မြို့ပတ်ပတ်လည်မှာလည်းရှိတယ်” ဟု အမည်မဖေါ်လိုသည့် ဒေသခံလူငယ်တစ်ဦးက ပြောသည်။

မူဆယ်မြို့ပေါ်ရှိ လောင်းကစားရုံများတွင် ငါးပစ်စက်များ၊ ဗီဒီယိုဂိမ်းစက်များ၊ ကင်းကုန်းများ ဖွင့်လှစ်နေကြောင်း လောင်းကစားနှင့်အတူ မူးယစ်ဆေးများပါ ရောင်းချနေသည့်အတွက် ခိုးမှု၊ လုယက်မှုလည်း ပူးတွဲဖြစ်ပေါ်နေသည်ဟု မူဆယ်မြို့ခံများက ပြောသည်။

“ခိုးတာလုတာတို့ကတော့ နေ့တိုင်းလိုလိုဖြစ်နေတာပဲ။ သတင်းမထွက်တာပဲ ရှိတယ်။ အဓိက လောင်းကစားရုံတွေ ပေါလာတာ။ မူးယစ်ဆေးသုံးတဲ့လူတွေများလာတော့ နောက်ဆုံးခိုးတာလုတာတွေ ဖြစ်လာတယ်” ဟု လုံခြုံရေးအတွက် စိုးရိမ်ပူပန်သည့် မြို့ခံတစ်ဦးကပြောသည်။

သျှမ်း-တရုတ်နယ်စပ် မူဆယ်မြို့အတွင်းတွင် လောင်းကစားရုံ များစွာရှိသည့်အနက် တရုတ်-မြန်မာ ကုန်သွယ်ရေး တံခါးပေါက်ဖြစ်သော ဆင်ဖြူဂိတ်အနီးတွင် ဒုစရိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း မူဆယ်၊ ဆင်ဖြူဂိတ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

“ဆင်ဖြူနားမှာ ဒုစရိုက်အများဆုံးပဲ၊ ဖုန်းလုတာတို့၊ လောင်းကစားလုပ်တာတို့၊ ဆေးသမားတို့ ခိုးပြီး ပေါင်စားတာတို့ဆို အဲ့ဒီနားမှာအများဆုံးပဲ” ဟု ၎င်းက ပြောသည်။

မူဆယ်မြို့ထဲတွင် KTV၊ Bar ၊ ကလပ်ပေါင်း ၃၀ ထက်မနည်းရှိပြီး ဒေသတွင်း ပြည်သူ့စစ်နှင့် ဌာနဆိုင်ရာများက ပါဝင်ပတ်သက်နေကြောင်း၊ လုံခြုံရေးလဲ ပြည်သူ့စစ်တပ်များက ယူပေးနေကြောင်း အမည်မဖေါ်လိုသည့် မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“တရုတ်-မြန်မာနယ်စပ်ဂိတ်ပေါက် နဲနဲကျော်လိုက်ရင် လောင်းကစားရုံတွေချည်းပဲ။ သူတို့က ပြည်သူ့စစ်တွေကို အားကိုးပြီးလုပ်စားကြတာ၊ ပြီးတော့ လိုင်းကြေးဆိုတာရှိသေးတယ် လစဉ်အပတ်စဉ်သွင်းရတာ။ မြို့နယ်ရဲ၊ ခရိုင်ရဲဆို ဘယ်လောက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးဆို ဘယ်လောက်၊ တခြားဌာနဆိုင်ရာတွေ ထောက်လှမ်းရေးတွေ၊ စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေး)၊ စရဖ ပြီးတော့ နယ်ထိန်း စတဲ့ လူတွေကို ပိုက်ဆံ ပေးရတယ်” ဟု အဆိုပါ မူဆယ်ဒေသခံက ပြောသည်။

လောင်းကစားရုံများသည် မူဆယ်မြို့အတွင်း ရပ်ကွက် ၉ ခုအပြင် မြို့ဆင်ခြေဖုံးဖြစ်သော ဟိုနား၊ စက်မှု၊ ကောင်းမူးလွယ်၊ မန့်ဝိန်း၊ ခူးဝိန်း စသည့် ရပ်ကွက်ဘက်တွင်လည်း ငါးပစ်စက်နှင့် လောင်းကစားရုံများရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။