စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်စထိမှန်သဖြင့် ဘီးလင်းမြို့နယ်အတွင်း ဒေသခံ (၂) ဦး ဒဏ်ရာရ

0
237

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စု၊ အလူးအနောက်‌ကျေးရွာသို့ ယမန်နေ့ မေလ (၆) ရက်နေ့က အလုံတောင်ခြေ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်စထိမှန်၍ ဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ထိုနေ့ည (၉) နာရီဝန်းကျင်ခန့်မှစ၍ စစ်ကောင်စီတပ်များသည် အလူးကျေးရွာဘက်သို့ လက်နက်ကြီး (၈) လုံးထက်မနည်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အလူးအနောက်ရွာရှိ ဒေသခံတစ်ဦး၏ နေအိမ်အနီးကျရောက်ပေါက်ကွဲ၍ နေအိမ်ပိုင်ရှင် လင်မယား (၂) ဦး၏ လက်နဲ့‌နားထင်သို့ လက်နက်ကြီးကျည်စများ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ လက်နက်ကြီးက ကိုနေမျိုးကျော်နဲ့ မခင်စန်းရီတို့အိမ်နားကို ကျတာ။ ကိုနေမျိုးကျော်က လက်ထိပြီး ဖြတ်ရမယ့်အနေအထားဖြစ်သွားတယ်။
မခင်စန်းရီကတော့ နားထင်ကိုထိတယ်။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးအား ညတွင်းချင်း ဘီးလင်းဆေးရုံ အရေးပေါ်သို့ပို့ဆောင်ပေးလိုက်ရပြီး အခြေအနေဆိုးရွားသဖြင့် သထုံဆေးရုံကြီးသို့ ထပ်ဆင့်လွှဲ‌ပြောင်းပေးလိုက်ရကြောင်း ယင်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီမှပစ်ခတ်လိုက်သော လက်နက််ကြီးသည် အလူးအလယ်ရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပိုင် နေအိမ် (၂) လုံး ကျည်စများထိမှန်ပျက်ဆီးခဲ့သလို အလူးရွာခံများ ထပ်မံ၍ နေအိမ်စွန့်ခွာထွက်ပြေးတိမ်း‌ရှောင်နေရကြောင်း ဒေသတွင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် မေလ (၅) ရက်နေ့၊ ည (၈) နာရီအချိန်က ရန်ကုန်-မော်လမြိုင်ကားလမ်းမှ ဖြတ်သန်းမည့် စစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးယူပေးသည့်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလူးကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၍ ကင်းပုန်းဝပ်နေစဉ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ကင်းပုန်းဝပ်စစ်‌ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ရာ (၃) ဦးသေဆုံး၍ (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု တော်လှန်ရေးအင်အားစုများမှ သိရသည်။

လက်ရှိ အလူးကျေးရွာတွင် လက်နက်ကြီးပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း အင်အား (၅၀) မှ (၁၀၀) ကြားရှိသော စစ်ကောင်စီတပ်များက အလုံတောင်တပ်စခန်းတွင် အင်အားထပ်မံဖြည့်တင်းထားကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

၎င်းက “ သူတို့အင်အားထပ်ဖြည့်ထားတယ်။ လက်နက်ကြီးလည်း အချိန်မရွေး ထပ်ပစ်နိုင်တယ်။ ရှေ့ရက်တွေတုန်းကလည်း အလူးရွာမှာ ထိတွေ့မှုဖြစ်ကတည်းကပေါ့။ အလူးရွာဘက်ကို မည်းပြီးပစ်နေတာ။ ရွာခံတွေလည်း ပစ်ခတ်မှုဖြစ်လိုက် ပြေးလိုက်၊ ငြိမ်သွားရင် ပြန်နေလိုက်ဘဝ‌တွေဖြစ်နေတယ်။” ဟု အဆိုပါတပ်ဖွဲ့ဝင်က ဆိုသည်။

အလားတူ ဧပြီလ ၂၉ ရက်နေ့က ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဘီးလင်း မြင်သာတောင် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးများမှာ အလူးလေးကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သေးသည်။

ထို့အတူ အဆိုပါနေ့ ညနေပိုင်းတွင်လည်း သပြေနီကျေးရွာအနီးရှိ စစ်ကောင်စီ၏ သံတံတားစစ်ဆေးရေး ဂိတ်စခန်းသို့ ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လက်နက်ကြီးများ တုံ့ပြန်ပစ်ခတ်စဥ် သပြေနီကျေးရွာအတွင်း ကျရောက်၍ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here