
ကချင်ပြည်၊ မံစီမြို့နယ် စီခမ်းကြီးရွာရှိ စစ်ကောင်စီတပ်၏ ဗျူဟာမြောက်အထိုင်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းနိုင်ခဲ့တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တွေဆီက သိရသည်။
နှစ်ပေါင်း ၃၀ ဝန်းကျင် အထိုင်ချထားသည့် စီခမ်းကြီးတပ်စခန်းကို ၃ ရက် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ရက္ခိုင့်တပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ရရှိလိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက အတည်ပြု ပြောဆိုသည်။
“စခန်းသိမ်းလိုက်နိုင်တာက မှန်ပါတယ်။ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက် ဖြစ်မယ်။ အခုက နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတာကြောင့် အသေးစိတ်ပြောပြဖို့က ခက်နေသေးတယ်” လို့ ၎င်းက ပြောပါသည်။
သိမ်းပိုက်လိုက်နိုင်သည့် စစ်ကောင်စီတပ်၏ စီခမ်းကြီးကျေးရွာ ဗျူဟာမြောက်အထိုင်စခန်းသည် မံစီမြို့နှင့် မိုင် ၃၀ သာ ကွာဝေးပြီး ရှမ်းနှင့်ကချင်အစပ်မှာရှိသည့် ကျေးရွာတစ်ရွာ ဖြစ်သည့်အပြင် မြစ်ကြီးနား- မန္တလေး ပြည်ထောင်စု လမ်းမပေါ်မှာရှိသည့် နေရာဖြစ်တာကြောင့် စစ်ရေးအရ၊ လမ်းပန်းဆက်သွယ်ရေးအရ အချက်ချာကျသည့် နေရာလည်းဖြစ်သည်။
ယင်းအပြင် ကချင်ပြည်နယ်၏ ခရိုင်ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သည့် ဗန်းမော်မြို့ကို အဓိက ကုန်းကြောင်းနှင့် ရိက္ခာထောက်ပို့ပေးနေသည့် လမ်းကြောင်းလည်း ဖြစ်သည်။
လက်ရှိတွင် သိမ်းပိုက်ရရှိခဲ့သည့် စီခမ်းကြီး စစ်ကောင်စီတပ်စခန်းနေရာကို KIA ပူးပေါင်းတပ်များက နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြသေးသလို စစ်ကောင်စီဘက်ကလည်း ဂျက်လေယာဉ်နှင့် လာရောက် ပစ်ခတ်တာတွေ ရှိသေးတာကြောင့် သတင်းအချက်အလက် အသေစိတ်ပြောပြရန် ခက်ခဲနေသေးတာ ဖြစ်တယ်လို့ ၎င်းက ဆိုသည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ က စပြီး စီခမ်းကြီး စစ်ကောင်စီတပ်စခန်းနေရာကို KIA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွတ်ရအောင် လေကြောင်းနှင့် ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိသည့် ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းနှင့် အရပ်သားလူနေအိမ်များလည်း အများအပြား ထိခိုက်ပျက်စီးခဲ့သလို ဒေသခံ တစ်ထောင်ဝန်းကျင်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မံစီမြို့ဒေသခံတစ်ဦးက အခုလို ပြောပြသည်။
“ဒီမနက်ထိ လာပစ်တာတွေ ရှိသေးတယ်လို့ သိရတယ်။ ကျနော်တို့ကတော တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက ထွက်လာနိုင်ခဲ့တာ အိမ်တွေလည်း ရစရာကို မရှိတော့ဘူးတဲ့” ဟု ၎င်းက ပြောဆိုသည်။
တိုက်ပွဲစတင် ဖြစ်ပွားသည့်နေ့စကပြီး စစ်ကောင်စီတပ်က စီခမ်းကြီးကျေးရွာကို လေယာဉ်နှင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် အကြိမ်ရေ ၃၀ အထိ ရှိနိုင်သလို နှစ်ဖက်တပ် အကျအဆုံးလည်း များတယ်လို့ ဒေသခံတွေက ပြောသည်။
စီခမ်းကြီးတပ်စခန်းသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက် မံစီမြို့နယ်အခြေစိုက် ခလရ ၁၂၁ တပ်ရင်း၊ ခလရ ၁၅ ၊ ခလရ ၂၇၆၊ ခလရ ၂၂၃ ပူးပေါင်းတပ်များ အထိုင်ချထားသည့် တပ်စခန်းဖြစ်သလို အဆိုပါတပ်စခန်း ကနေ ဗန်းမော်မြို့ဘက်ရှိ စစ်ကောင်စီတပ်များကို အဓိကထောက်ပံ့ပေးနေသည့် တပ်စခန်းကြီးတစ်ခုလည်း ဖြစ်ပါသည်။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ကချင် – ရှမ်း အစပ်မှာရှိသည့် စစ်ကောင်စီတပ်စခန်းများကို KIA,KPDF ပူးပေါင်းတပ်များက ထိုးစစ်ဆင်သိမ်းပိုက်နေပြီး ဇန်နဝါရီလ တစ်လအတွင်းမှာပင် မဘိမ်းမြို့ အပါအဝင် မံစီမြို့နယ်ထဲက မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ်တပ်စခန်း၊ ဘလောင်ဒိန်ဆာစခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်ထားပြီလည်း ဖြစ်သည်။
KNG ပေးပို့သည်။