တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော ဒေသခံ အမျိုးသားတစ်ဦးကို သေဆုံးလျက်ပြန်တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဒေသခံကိုညီညီကို၏ ရုပ်အလောင်းကို အောက်တိုဘာ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က ကျွဲမင်းကုန်းကျေးရွာ ပင်လယ်ကမ်းစပ်အနီး မြေမြှုပ်ထားသည်ကို ခြေထောက်ပေါ်နေမှုကြောင့် ဒေသခံများက ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကိုညီညီကို၏ ရုပ်အလောင်းပြန်တွေ့ချိန်တွင် လက်ပြန်ကြိုးတုပ်ထားပြီး ဦးခေါင်းတစ်ခုလုံး အကြိမ်ကြိမ် ရိုက်နှက်ခံ ရမှုကြောင့် ကြွေမွသေဆုံးခဲ့သည့်ပုံစံမျိုးဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၁ ရက်နေ့က ရငဲရွာထဲကို စစ်ကြောင်းထိုးဝင်လာပြီးနောက် ကိုညီညီကို အပါအဝင် ဒေသခံ ၃ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကိုညီညီကိုနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် နောက်ထပ် ဒေသခံ ၂ ဦးလည်း ပျောက်ဆုံးနေခြင်းကြောင့် ၎င်းတို့၏ မိသားစုဝင်များက စိုးရိမ်ပူပန်မှု မြင့်တက်နေကြောင်း သိရသည်။
ရငဲကျေးရွာထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဟာ ယင်းနေ့မှာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် ၂ ဦးနှင့် ဒေသခံ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့သည်ဟု ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အရပ်သားပြည်သူ ၂၉ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း လွတ်လပ်သည့် သုတေသနအဖွဲ့ဖြစ်သော FE5 Tanintharyi က ထုတ်ပြန်ထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။