စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တစ်ရက်တည်းအမျိုးသမီး ၂ ဦးထိမှန်သေဆုံး

0
299

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့အနီးက ကျေးရွာတရွာမှာ နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ် လွိုင်လင်လေးအခြေစိုက် ခလရ ၅၃၀ တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက်ဆယ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရသည်။

ဒေသခံတစ်ဦးက “ည ဆယ့်တစ်ခွဲလောက်မှာ လက်နက်ကြီးကျလာတယ်ပေါ့။ ၄ လုံးကျလာတယ်၊ အိမ်တွေလည်း ထိသွားတယ်၊ ပြီးတော့ကလေးတစ်ယောက် ထိသွားတယ်။ အဲ့ထိသွားတဲ့ ကလေးက ဆုံးသွားတယ်ပေါ့နော” လို့ ပြောသည်။

သေဆုံးသွားတဲ့ ကလေးငယ်ဟာ ၁၀ နှစ်အရွယ်ရှိ မသဉ္ဇာငြိမ်းဆိုသူဖြစ်ပြီး မွေးချင်းခြောက်ယောက်ထဲမှ အငယ်ဆုံးသမီး ဖြစ်ကြောင်းနဲ့ အဆိုပါပစ်ခတ်မှုမှာ ဒေသခံ ၂ ယောက်လည်း မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ယင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လွိုင်လင်လေးမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေထဲကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုသည်။

အလားတူဘဲ နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်ရဲ့ ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တဲ့အပြင် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရှိရသည်။

လွိုင်လင်လေး အခြေစိုက် ခမရ (၅၃၀) တပ်ကနေ လွိုင်လင်လေးမြို့ အနီးတဝိုက်နဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဒေသခံတွေဟာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင် ခဲ့ကြရတယ်လို့ ပြောသည်။

စုစည်းထားတဲ့ စာရင်းမှတ်တမ်းများအရ နိုဝင်ဘာလဆန်း ၁၀ ရက်အတွင်း စစ်ကောင်စီတပ်က ရမ်းသမ်း ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ထိမှန်သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၂ ဦးရှိပြီး မိုးဗြဲမြို့အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသား ၁ ဦး၊ လွိုင်လင်လေးမြို့အနီးက ရွာခံ ၂ ဦးနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည််။

LEAVE A REPLY

Please enter your comment!
Please enter your name here