မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်တောင်ဘက် မြစ်ကမ်းနဘေးရှိ မီးလောင်ပြာကျခဲ့သည့် ဓမ္မသရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများဆီက သိရသည်။
ဓမ္မသရွာအတွင်း လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့ လှုပ်ရှားမှု ရှိနေသည့်ဆိုပြီး ဧပြီ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်၌ စစ်ကောင်စီက မြေပြင်ထိတွေ့ တိုက်ခိုက်မှုမပြုဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ဓမ္မသရွာခံတစ်ဦးက စစ်ကောင်စီ လေယာဉ်ပျံသန်းမှုက အခေါက်ရေ မရေတွက်နိုင်သလို ဗုံးကြဲတိုက်ခိုက်မှု များကြောင်း အခုလိုပြောပါသည်။
“လေယာဉ်ကတော့ တနေကုန်ပဲ၊ ဒါပေမယ့် အခေါက်ကတော့ ကျွန်တော်တို့ ရေလို့မနိုင်ဘူး။ သူတို့ (ပြည်သူ) တွေက ကြောက်လို့ တောင်အောက်မှာ ပုန်းနေတာ။ အခေါက်က (လေယာဉ်ပျံသန်းမှု) ခန့်မှန်းမသိတော့ဘူး။ လေယာဉ်က (ဗုံး) ကြဲတာများတယ်။ မနေ့က တစ်နေ့လုံးကြဲတာ အများဆုံးပဲ။ တိုက်ပွဲဖြစ်တာ၊ မဖြစ်တာ ကျွန်တော်လည်း ပြောမတတ်ဘူး” ဟု ဆိုသည်။
စစ်ကောင်စီ၏ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဓမ္မသရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ပျက်စီးခဲ့ရပြီး ရွာအနောက်ဘက်ခြမ်း လမ်းတစ်လမ်းလုံးရှိ နေအိမ်များလည်း မီးလောင်ခဲ့သည်ဟု အဆိုပါဒေသခံက ပြောပြသည်။
ဧပြီ ၈ ရက်နေ့ ည ၉ နာရီကျော်တွင်လည်း လေကြောင်းနှင့် သာမက လက်နက်ကြီးနှင့်ပါ ပစ်ခတ်မှုများကြောင့် ဓမ္မသရွာ အနီးတဝိုက်အပြင် မော်လမြိုင်မြို့ အပါအဝင် ကျိုက်မရောမြို့နှင့် ပေါင်မြို့ အထိပါ အဆောက်အအုံများ တုန်သည့်အထိ အသံများကြားနေရသည်ဟု ထိုမြို့ခံများက ၎င်းတို့၏လူမှုကွန်ရက်တွင် ပြောဆိုရေးသား ခဲ့ကြသည်။
မတ် ၉ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်တွင်လည်း ဓမ္မသရွာအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေသည့်အပြင် ဂျိုင်းမြစ်ကြောင်းအတွင်းရှိ စစ်သင်္ဘောကလည်း လက်နက်ကြီးများနှင့် ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟု ဒေသခံများကပြောသည်။
လက်ရှိချိန်၌ ဓမ္မသရွာ အနီးတဝိုက်တွင် တိမ်းရှောင်နေသည့် ဒေသခံနှစ်ထောင်နီးပါး ကျန်ရှိနေသေးကြောင်း စစ်ရှောင်အရေး အကူအညီပေးနေသူတစ်ဦးက ပြောပါသည်။
ပြီးခဲ့သည့် မတ် ၂၇ ရက်နေ့က ဓမ္မသရွာကို စစ်ကောင်စီရေတပ် စစ်သင်္ဘာကနေ အမြောက်များနှင့် ပစ်ခတ်မှုကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး အရပ်သားတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
ဂျိုင်းမြစ်တောင်ဘက် မြစ်ကမ်းတလျှောက်ရှိ ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ အံကစင်၊ ဓမ္မသ၊ တရနာ စသည့် ကျေးရွာများဘက်ကို ဦးတည်ပြီး စစ်ကောင်စီက ကြည်းကြောင်း၊ ရေကြောင်း စစ်ကြောင်းများနှင့် နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။