စစ်ကောင်စီကြောင့် ၆ လတာအတွင်း ချင်းလူမျိုး ၁၀၉ ဦး အထိ သေဆုံးခဲ့ဟု ICA ထုတ်ပြန်

0
262
ပုံစာ - ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်သည့် ၂၀၂၃ ခုနှစ် ၆ လတာ ကာလအတွင်း ချင်းလူမျိုး သေဆုံးမှုပြဇယား

ယခုနှစ် ၂၀၂၃ ဇန်နဝါရီလမှ ဇွန်လ အထိ ၆ လတာ ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ချင်းလူမျိုး ၁၀၉ ဦး အထိ သေဆုံးခဲ့ရပြီး အရပ်သားပြည်သူအယောက် ၅၀ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၉ ဦး တို့ ပါဝင်သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းယူခဲ့သည့် ၂ နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ချင်းလူမျိုးသေဆုံးမှု မြင့်တက်လာနေပြီး ၂၀၂၃ ခုနှစ် ၆ လတာအတွင်းမှာ ချင်းအမျိုးသားများသေဆုံးမှု ၁၀၀ ကျော်ဖြင့် စံချိန်တင်မြင့်တက်လာသည်ဟု ICA က ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ခြင်း ဖြစ်သည်။

သေဆုံးခဲ့ကြသည့် အရပ်သားများနှင့် တိုက်ပွဲတွင် ကျဆုံးသွားသူများသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပြီး၊ မြေမြှုပ်မိုင်းနှင့် လက်နက်ကြီးကြောင့်လည်း သေဆုံးမှုနှုန်း များရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။

“အဲလိုဖြစ်လာတဲ့အတွက် ၂၀၂၃ မှာ ကျန်ရှိနေတဲ့ ၆ လတာမှာရော ဘယ်လိုမျိုးရှိလာမလဲဆိုတာ စဉ်းစားစရာ ဖြစ်သွားပြီး။ အခုလည်း စစ်ကောင်စီအနေနဲ့ ထိုးစစ်ဆင်နေတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့်၊ ချင်း ပြည်သူတွေ ဘယ်လောက်များ သေဆုံးမှု မြင့်တက်လာမလဲ စောင့်ကြည့်ရမယ့်အထဲ ပါတာပေါ့နော်။ လေကြောင်းတိုက်ခိုက်မှု မသုံးဘူးဆိုရင် ဒီလောက် မြင့်တက်လာစရာ အကြောင်းမရှိဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ပြည်တွင်းစစ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်အင်အား အဆမတန် အသုံးပြုမှုတွေ သာမန်အရပ်သားပြည်သူတွေရဲ့ အိုးအိမ်တွေ အသက်တွေကို ဖျက်ဆီးတာကို ဘယ်လိုများ ဆက်လက်အရေးယူမှုတွေ လာမလဲဆိုတာ စောင့်ကြည့်ရမယ်” ICA လက်ထောက်ညွန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ဟု ပြောသည်။

သေဆုံးသူများမှာ အရပ်သားပြည်သူ အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ ချင်းကာကွယ်ရေး တပ်ဖွဲ့မှ အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူခဲ့သည့်နှစ် ၂၀၂၁ ခုနှစ် အတွင်း စစ်ကောင်စီတပ်၏ မတရား သတ်ဖြတ်မှုကြောင့် ချင်းအမျိုးသား ၁၆၄ ဦး သေဆုံးခဲ့ပြီး၊ ၂၀၂၂ ခုနှစ်အတွင်း ၁၉၅ ဦး သေဆုံးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် ICA က ဆိုသည်။

ယင်းသို့ သေဆုံးမှုပမာဏကို ကြည့်ခြင်းအားဖြင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ၂၃ လ အတွင်း ချင်းအမျိုးသား သေဆုံးမှု ၃၅၉ ဦး ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ၆ လတာ ကာလအတွင်းမှာ ချင်းအမျိုးသား သေဆုံးမှု ၁၀၉ ဦး အထိ ရှိလာရာတွင် သိသိသာသာ မြင့်တက်သွားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးပဋိပက္ခကို နိုင်ငံတကာအသိုင်းအဝန်းက အထူးဂရုစိုက်၍ ထိရောက်သော စစ်ဆေးအရေးယူမှုများ ပြုလုပ်သင့်ပြီးဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က တိုက်တွန်းထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here