စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲ အမျိုးသမီးတက်ကြွသူများ အယုံအကြည်မရှိဟုပြောဆို

0
116
Photo – Social Media

လူ့အခွင့်အရေးချိုးဖောက်မှုများကို ပုံစံမျိုးစုံနှင့် ကျူးလွန်နေသည့် စစ်ကောင်စီက တရားမျှတသော ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည်မှာ ယုံကြည်နိုင်စရာမရှိသလို ယခင်နိုင်ငံရေးနည်းလမ်းဟောင်းနှင့် ပြည်သူများကို ပြန်ပြီးလှည့်စားနေခြင်း ဖြစ်သည်ဟု အမျိုးသမီးတက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က အောက်တိုဘာ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် “လက်ရှိ နိုင်ငံရေး၊ စစ်ရေး ခြေလှမ်းများ၏ လားရာ” ဆိုသည့် စကားဝိုင်းတွင် အမျိုးသမီးတက်ကြွလှုပ်ရှားသူများက ထိုသို့ပြောဆိုသွားခြင်းဖြစ်သည်။

စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမှာမဟုတ်သလို ပြည်သူများလိုလားနေကြသည့် ငြိမ်းချမ်းရေးသည်လည်း အဆိုပါ ရွေးကောက်ပွဲကနေ ရရှိမှာမဟုတ်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ၏ စည်းရုံးရေးနှင့် နိုင်ငံရေးရှေ့ဆောင်ကိုယ်စားလှယ် နော်ဆဲဆဲက ပြောသည်။

“ဒီလိုပဲ ဒီရွေးကောက်ပွဲကတော့ အတုအယောင်လည်းဖြစ်သလို တရားမျှတမှုလည်း ရှိမှာ မဟုတ်သလို အတင်းအဓမ္မ ပြုလုပ်စေမယ့် ရွေးကောက်ပွဲလည်း ဖြစ်တယ်ပေါ့နော်” ဟု နော်ဆဲဆဲက ပြောဆိုသည်။

စစ်ကောင်စီက ၎င်းတို့ရင်ဆိုင်နေရသည့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အကျပ်အတည်းများကို နိုင်ငံရေး ထွက်ပေါက်တစ်ခုအနေဖြင့် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု အမျိုးသမီး တက်ကြွလှုပ်ရှားသူများက သုံးသပ်ပြောသည်။

အဆိုပါ အနေအထားကနေ ပြုလုပ်လာမည့်ရွေးကောက်ပွဲကို တားဆီးဖို့လိုသည်ဟု မွန်အမျိုးသမီးအဖွဲ့ MWO ဥက္ကဋ္ဌ မိကွန်ချမ်းနွန်က ယခုလိုပြောသည်။

“ဒီရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့် ကျမတို့နိုင်ငံရဲ့ ပိုမိုဆိုးရွားစေတယ်ဆိုတာကိုလည်း ကျမတို့က သူတို့ သိအောင်လို့ ကျမတို့က ထပ်ပြောရမယ်။ ပြီးလို့ဆိုရင် ကျမတို့နိုင်ငံမှာ တကယ်တမ်းလိုအပ်နေတဲ့ ဒီငြိမ်းချမ်းရေး ပေါ့နော၊ ကျမတို့ အခုဆွေးနွေးနေကြတဲ့ ဒီဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်ဖို့ဆိုတာက ဒီ စကစကလုပ်တဲ့ ရွေးကောက်ပွဲကနေတဆင့် ကျမတို့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း ကျမတို့ အဲဒါကို သိအောင်ပြောရမယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီက လာမည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှု တချို့ဖြစ်သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူ ပြုလုပ်လာနေပြီ ဖြစ်သည်ကို တွေ့မြင်ရသည်။

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး The Space အဖွဲ့က နန့်မေသဉ္ဇာက “တရားမျှတ ပြီးတော့မှ လွတ်လပ်တဲ့ရွေးကောက်ပွဲတစ်ခုကို ဖန်တီးပါမယ်ဆိုတဲ့ ကတိကဝတ်မျိုးဟာ နိုင်ငံရေးနည်းလမ်း ဟောင်းတွေ အရမ်းဖြစ်တယ်လို့ ကျမအနေနဲ့ဆိုရင် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်အဆက်ဆက်မှာလည်း ၂၀၀၈ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တခြားသော အရှေ့အရှေ့ ခေတ်အဆက်ဆက်က နိုင်ငံရေးတွေ ကလည်း ဒီလိုမျိုး အခင်းအကျင်းအဟောင်းတွေကိုပဲ ကျမတို့ကို ပြန်ပြီးတော့မိတ်ဆက်ပေးတယ်။ ပြီးသွားလို့ရှိရင် အခင်းအကျင်းအဟောင်းတွေကပဲ အရင်တုန်းက နိုင်ငံရေးအနာတွေကို ပိုပြီးတော့မှ ပိုဆွပေးတယ်ပေါ့နော။ ဆိုတော့ နိုင်ငံရေးအခင်းအကျင်းကလည်း အခုနကအဟောင်းကြီးကိုပဲ ပြန်သုံးတဲ့အခါမှာ နင်တို့ခံခဲ့ရတဲ့ ဒီနိုင်ငံရေးအခင်းအကျင်းမှာပဲ နင်တို့ပြန်ကျရှုံးအောင် ပြန်လုပ်မယ်ဆိုတဲ့ အခုနကအကွက်ပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် ဩဂုတ်လ ၂၄ ရက်နေ့က တွေ့ဆုံခဲ့သည့်အပြင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကိုမူ အောက်တိုဘာထဲတွင် ကောက်ယူခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here