ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့သည့် ဧပြီ ၄ ရက်နေ့ အမေရိကန်နိုင်ငံတွင်ကျင်းပသော မြန်မာ့အရေးတံခါးဖွင့်ဆွေးနွေးမှုတွင် စစ်ကောင်စီသို့လေယာဉ်ဆီ တင်သွင်းနေခြင်းကို ကန့်ကွက်ခဲ့သည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး- KNU နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC တို့က ကြိုဆိုထောက်ခံကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ့အရေးတံခါးဖွင့် ဆွေးနွေးမှုတွင် မြန်မာပြည်သူများအပေါ် ပစ်မှတ်ထားနေသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရေး လေယာဉ်ဆီတင်သွင်းခြင်းကို ပိတ်ပင်တားမြစ်ရန် လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် (၄၇) နိုင်ငံက တညီတစ်ညွတ်တည်း သဘောတူခဲ့သည်နှင့် ပတ်သက်၍ KNU နှင့် NUCC တို့က ထိုသို့ကြိုဆိုထောက်ခံထားကြခြင်းဖြစ်သည်။
ယခင်က စစ်ကောင်စီထံ လေယာဉ်ဆီတင်သွင်းမှုသည် စစ်လက်နက်တင်သွင်းခြင်း မဟုတ်ဟု ယူဆထားကြရာမှ ယခုကဲ့သို့ လုံခြုံရေးကောင်စီကိုယ်တိုင် သဘောမတူ ကန့်ကွက်မှု ရှိလာခြင်းက ကောင်းမွန်သော တိုးတက်မှု ဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။
“စစ်ကောင်စီကို လေယာဥ်ဆီမတင်သွင်းဖို့ကတော့ အရေးကြီးဆုံးအချက် ဖြစ်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကို တိုက်ရိုက်တိုက်ခိုက်တာဖြစ်တယ်။ ဒီအပေါ်မှာ နိုင်ငံတကာကလည်း ဒါတွေကိုတားဆီးပေးဖို့ တာဝန်ရှိတယ်။ ကမ္ဘာ့ကုလသမဂ္ဂကိုယ်တိုင်က ကန့်ကွက်မှုတွေ ရှိလာတာကတော့ ကောင်းမွန်တဲ့ တိုးတက်မှု တစ်ခုလို့ ယူဆလို့ရပါတယ်” ဟု ပဒိုစောကလယ်စေးက ဆိုသည်။
လုံခြုံရေးကောင်စီ၏ ကန့်ကွက်မှုအပေါ် စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းနေကြသည့် နိုင်ငံတကာ အစိုးရများက လိုက်ပါလုပ်ဆောင်နိုင်ခြင်း ရှိမရှိ ခန့်မှန်းရခက်ခဲသလို မိမိတို့အကျိုးစီးပွားကိုသာ ဦးတည်သည့် နိုင်ငံများနှင့် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းလိုသောနိုင်ငံများ အမြင်ခြင်းကွဲပြားနိုင်ကြောင်း KNU ပြောခွင့်ရက သူ၏အမြင်ကို ဖြည့်စွက်ပြောသည်။
လုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးတွင် မြန်မာပြည်သူများ၏ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသည့် အခြေအနေများအပါအဝင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် လူထုရင်ဆိုင်နေရသည့် နောက်ဆက်တွဲ အကြောက်တရားများ၊ နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လုံခြုံရေးကောင်စီ၏ ထိုသို့ဆွေးနွေးမှုသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ကောင်စီအစည်းအဝေး၏ ဆုံးဖြတ်ချက် နောက်ဆက်တွဲ အကောင်အထည်ဖော်မှုလည်း ဖြစ်နိုင်သလို ကောင်စီ၏ယခုကန့်ကွက်မှုအပေါ် သဘောတူညီကြောင်း NUCC အဖွဲ့ဝင်၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ၏ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။
“၂၀၂၂ ဒီဇင်ဘာမှာ ကုလသမဂ္ဂက သူ မချမှတ်ဖူးတဲ့ဆုံးဖြတ်ချက်ကို ချထားတာရှိတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ပေါ့။ ဒီလိုအချိန်မှာ စစ်ကောင်စီကို လေယာဥ်ဆီ ထောက်ပံ့တာတွေကို အရေးယူမယ်ဆိုတာက လုံခြုံရေးကောင်စီအနေနဲ့ သူတို့ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တယ်လို့ ကျနော်တို့ကတော့မြင်တယ်။ ဒီအပေါ်မှာလည်း အလေးအနက် ထောက်ခံ ကြိုဆိုပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်းများ တရားမဝင်လွှဲပြောင်းပေးနေခြင်းကို တားမြစ်ရန်အပါအဝင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အရေးယူမှုအား အစည်းအဝေးတွင် ထည့်သွင်းတင်ပြ ဆွေးနွေးခဲ့ကြသော်လည်း တရုတ်နှင့် ရုရှားနိုင်ငံဘက်က ထိုကဲ့သို့ တံခါးဖွင့်ဆွေးနွေးမှုအပြင် စစ်ကောင်စီကို အရေးယူမည့် ကိစ္စများကိုလည်း ကန့်ကွက်ရှုတ်ချကြကြောင်း သိရသည်။
မြန်မာနိုင်ငံတဝှမ်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ကာလအတွင်း စစ်ကောင်စီက အားထားအသုံးပြုနေသော လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၆၀၀ ကျော် ရှိနေပြီး ယခုနှစ် မတ်လ ၁၀ ရက်နေ့မှစ၍ ပြည်တွင်း/ပြည်ပရှိ တော်လှန်ရေးလှုပ်ရှားသည့် အရပ်ဘက်အဖွဲ့များ၊ ပြည်သူများပူးပေါင်း၍ သက်ဆိုင်ရာနိုင်ငံတကာအစိုးရများနှင့် ကုမ္ပဏီများမှ စစ်ကောင်စီသို့ လေယာဉ်ဆီတင်ပို့မှု ပိတ်ဆို့ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု ပြုလုပ်တောင်းဆိုလျက်ရှိသည်။
KIC ပေးပို့သည်။