စစ်ကောင်စီကတဆင့် ပြည်ပနိုင်ငံများကလှူဒါန်းထားသည့် ကယ်ဆယ်ရေးပစ္စည်းများ ရခိုင်မုန်တိုင်းသင့် ပြည်သူများ မရရှိကြသေး

0
441
ပုံစာ - ပြည်ပနိုင်ငံများက လှူဒါန်းထားသည့် လေဘေးကယ်ဆယ်ရေးပစ္စည်းများ

မိုခါမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း စစ်ကောင်စီကတဆင့် ပြည်ပနိုင်ငံများက လှူဒါန်းထားသည့် ကယ်ဆယ်ရေးပစ္စည်းများ ရခိုင်မုန်တိုင်းဒဏ်သင့်ပြည်သူများလက်ထဲသို လုံးဝ ရောက်ရှိလာခြင်း မရှိသေးကြောင်း မုန်တိုင်းသင့် ပြည်သူများထံမှ သိရသည်။

ရခိုင်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအတွက် ထိုင်းနိုင်ငံက လေဘေးကယ်ဆယ်ရေးပစ္စည်းများ ဖြစ်သည့် ယာယီတဲအိမ်များ၊ ခြင်ထောင်များ၊ အသင့်စားခေါက်ဆွဲထုတ်များ စသည့် တန် ၂၀ ခန့်ရှိ ပစ္စည်းများနှင့် အိန္ဒိယနိုင်ငံက ရွက်ဖျင်တဲများ၊ ငါးသေတ္တာ၊ တာပေါ်လင်စ၊ အဟာရဖြည့် မုန့်များနှင့် ဆေးဝါးပစ္စည်း စသည့် တန်ချိန် ၂၅ တန် ရှိသည့် ပစ္စည်းများကို စစ်ကောင်စီမှတစ်ဆင့် လှူဒါန်းထားကို သိရသည်။

၎င်းအပြင် အာဆီယံနိုင်ငံများကလည်း အမေရိကန်ဒေါ်လာ ၆ သောင်းကျော် တန်ဖိုးရှိသည့် ထောက်ပံ့ ကယ်ဆယ်ရေးပစ္စည်းများကို စစ်ကောင်စီလက်ထဲသို့ လွှဲပြောင်းလှူဒါန်းထားကြောင်းလည်း သိရှိရသည်။

ထို့သို့ ရခိုင်မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လှူဒါန်းပစ္စည်းများကို ပြည်ပနိုင်ငံများက မုန်တိုင်း တိုက်ခတ်ပြီး ၄ ရက်အကြာ မေလ ၁၈ ရက် နောက်ပိုင်းက စတင်လှူဒါန်းထားသော်လည်း ရက်ပေါင်း ၂၀ ကြာလာသည့် ယခုအချိန်ထိ မုန်တိုင်းသင့်ပြည်သူများထံသို့ မရောက်ရှိသေးဟု မုန်တိုင်းသင့် ဒုက္ခသည်များက ပြောသည်။

“ စစ်ကောင်စီဆီက ထောက်ပံ့တာ ဆန်နို့စည်ဗူး ၂ ဗူးနဲ့ ဘဲဥ ၁ လုံးက လွဲလို့ ဘာမှမရသေးဘူး။ အိမ်ဆောက်ပစ္စည်းတွေလည်း မရဘူး။ လူတွေ ပြောနေကြတဲ့ ငါးသေတ္တာတွေ ၊အဟာရဖြည့်မုန့်တွေ ဘာမှမရဘူး။ ထမင်းတောင် ဝအောင်စားဖို့အတွက် ဆန်ရတာမဟုတ်ဘူး။ ကလေးတွေ ဆိုလည်း နေ့လယ်၊ နေ့ခင်းဗိုက်ဆာရင် ငိုကြတယ်။ ဝယ်ကျွေးစရာ ပိုက်ဆံလည်းမရှိဘူး” ဟု စစ်တွေမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးကလည်း မုန်တိုင်းသင့် ဒုက္ခသည်များအတွက် နိုင်ငံတကာမှ အိမ်ဆောက်ပစ္စည်းနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားသည့် သတင်းများကြောင့် မျှော်လင့်တကြီး စောင့်စားနေခဲ့သော်လည်း စစ်ကောင်စီက အမှန်တကယ် လာရောက် ထောက်ပံ့ပေးချိန်တွင် ဆန်နို့စည်ဗူး ၂ ဗူးသာ ပေးသည့်အတွက် လက်ခံမယူလိုက်ကြောင်း ပြောဆိုသည်။

“ အိမ်တွေအကုန်လုံးပါသွားတော့ အိမ်ဆောက်ပစ္စည်းတွေ လာလှူမှာကို အားကိုးတကြီး စောင့်နေတာ။ နိုင်ငံခြားတွေက လှူထားရင် ငါတို့ရမှာပဲဆိုပြီး ထင်ထားတာ။ဒါပေမယ့် မြေပြင်မှာ လာပေးတော့ လူတစ်ဦးကို ဆန် ၂ ဗူးတဲ့။ ကျနော်တို့ဘဝတွေက သုညဘဝထိ ထိုးဆင်းသွားလို့ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ဆန် ၂ ဗူးက ဘာမှ အားမဖြည့်နိုင်ဘူး။ ဒါကြောင့် သွားပြီးတော့ ယူတောင်မယူလိုက်ပါဘူး။ ငတ်ပီး သေသွားရင်တောင် အေးချမ်းအုံးမယ်ဆိုပြီး ဒီလိုတောင်တွေးမိတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

လက်ရှိတွင် မိုးဦးရာသီရောက်လာသည်နှင့်တပြိုင်နက် မိုးရွာသွန်းမှုများမှာလည်း နေ့စဉ်နင့်အမျှ ရှိလာနေသည့်အတွက် မုန်တိုင်းသင့် ဒုက္ခသည်များမှာ စားနပ်ရိက္ခာများထက် အမိုးအကာများကို အရေးတကြီး ပိုလိုအပ်လျှက်ရှိနေကြသည်ဟု ပြောဆိုသည်။

“ နေဖို့ထိုင်ဖို့ မိုးလုံလေလုံနေရာတခု ပြန်ဆောက်ရရင် ကျေနပ်ပါပြီ။ ဖြစ်သလို ရှာစားပါမယ်။ မိုးကလည်း ညနေပိုင်းဆို နေ့တိုင်းလိုလို ရွာလာတော့ မှောင်မှောင်မိုက်မိုက်နဲ့ နေရထိုင်ရတာ အရမ်းကို အခက်အခဲ ဖြစ်ရပါတယ်။ အစားအသောက် ဝဝလင်လင် မစားရရင်တောင် ကျောတခင်းစာ နေရာလေးမှာ မိုးလုံလေလုံလေးနဲ့ အိပ်ရေးဝဝ ၁ ရက်လောက် အိပ်ချင်ပါတယ်။ လူလည်း နွမ်းရိနေပါပြီ” ဟု ကျောက်တော်မြို့ပေါ်မှ အသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများ ကပ်ဘေးဒုက္ခကို အလူးအလှိမ့် ခံနေရေသော်လည်း စစ်ကောင်စီအနေဖြင့် ပြည်ပနိုင်ငံက လှူဒါန်းထားသည့် ပစ္စည်းများကို မြေပြင်၌ လက်တွေ့ကျကျ လှူဒါန်းပေးခြင်းမျိုး မရှိသည့်အပြင် NGO၊ INGO ၊ICRC စသည့် နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းများ ဝင်ရောက် လှူဒါန်းခွင့်ကိုလည်း ကန့်သတ်ထားဆဲ ဖြစ်သည်ဟု သိရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ရခိုင်မုန်တိုင်းသင့် ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာများ၊ အမိုးအကာများ၊ အိမ်ဆောက် ပစ္စည်းများကို ကူညီပေးနိုင်ရန်အတွက် ပစ္စည်းများကို စုဆောင်းထားပြီး ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် ကူညီခွင့်ရရှိရေး အတွက် စစ်ကောင်စီထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း မေလ ၃၁ ရက်က ထုတ်ပြန်ထားသည်။

နိရဉ္စရာ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here