စစ်ကောင်စီက ရခိုင်တွင် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများသွားလာကူညီခွင့် ရပ်ဆိုင်း

0
311

မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာနှင့် ပြည်တွင်း/ပြည်ပ လူမှုအဖွဲ့အစည်းများ၏ မုန်တိုင်းကယ်ဆယ်ရေး သွားလာကူညီခွင့်ကို စစ်ကောင်စီက အကြောင်းပြချက်မရှိ ရပ်ဆိုင်းလိုက်သည်ဟု ရခိုင်လူမှုအဖွဲ့အစည်းများက ပြောသည်။

လူမှုကူညီပေးရေးအဖွဲ့များ ရခိုင်ပြည်တွင်း သွားလာကူညီခွင့်ကို ဇွန်လ ၈ ရက်က စတင်ရပ်ဆိုင်းကြောင်းကို ပြည်နယ်ထွေ/အုပ်က စာပေးပို့၍သော်လည်းကောင်း ဖုန်းဆက်၍သော်လည်းကောင်း ကြောင်းကြားလာခြင်းဖြစ်သည်ဟု ရခိုင့်အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။

မည်သည့်အချိန်ထိ ရပ်ဆိုင်းပြီး မည်သည့်အတွက် ရပ်ဆိုင်းလိုက်သည် ဆိုသည်ကို မသိရကြောင်းလည်း ပြောကြသည်။

ရခိုင်လူမှုအဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက “ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ စားနပ်ရိက္ခာပံ့ပိုးကြတဲ့ WFP တို့လို နောက် တခြားသော အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကပါ အိမ်ဆောက်ဖို့ အမိုးအကာတွေ၊ စားဖို့ ရိက္ခာတွေ ပံ့ပိုးနေကြတယ်။ ဒီပံ့ပိုးမှုတွေကို ရပ်စဲလိုက်တာက ရခိုင်လူထုတွေ အပေါ်မှာ အငြိုးအတေးထားတာနဲ့ တူတယ်။ မုန်တိုင်းကာလ နှစ်ပတ်ကျော်မှာ အရေးတကြီးလိုနေတာက ရိက္ခာ လိုအပ်တယ်။ အမိုးအကာ လိုအပ်တာပေါ့။ အခုဆို မိုးလည်း ရွာနေတယ်ပေါ့။ ဒီလိုပိတ်ပင်မှုဟာဆိုရင် ရခိုင်လူထုတွေ လက်ရှိ စစ်ကောင်စီ အစိုးရကို အမုန်းတရားတွေ ပေါများစေတယ်။ ပြန်ပြီး ဖွင့်ပေးဖို့လိုတယ်။ ဒီအတိုင်းပဲ ဆက်ပြီး အာဏာပြနေမယ်။ အာဏာအပေါ်မှာ အခြေခံပြီး လုပ်ဆောင်နေမယ်ဆိုရင် ရခိုင်လူထုရဲ့ ယုံကြည်မှုကို မရတဲ့အပြင် ရခိုင်လူထုက အစိုးရအပေါ် အမုန်းတရားတွေ ပိုပြီးဖြစ်စေမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

လူမှုကူညီရေးအဖွဲ့များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီက ခွင့်ပြုထားသည့် ခရီးသွားလာခွင့်များကို ရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် ထုတ်ပြန်ကြောင်း အကြောင်းကြားစာတွင် တွေ့ရသည်။

လူမှုကူညီပေးရေးအဖွဲ့များ ရခိုင်ပြည်တွင်း သွားလာကူညီခွင့် ရပ်ဆိုင်းတားဆီးမှုနှင့် ပတ်သတ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်မှ မုန်တိုင်းဒဏ်ခံ ဒေသခံတစ်ဉီးက “ကျနော်တို့ပြည်သူတွေက အများကြီး ဒုက္ခရောက်နေတဲ့ အချိန်ကာလလေ၊ သူတို့တွေက အဲလိုပိတ်ပင်တော့ ကျနော်တို့ ရခိုင်လူမျိုးကို သီးသန့်လုပ်ကြံတာနဲ့တူပါတယ်။ သူတို့အဲလို ပိတ်ပင်တယ်ဆိုရင် ရခိုင်လူမျိုးကို တိုက်လို့မနိုင်လို့ လက်ရှိ မုန်တိုင်းဘေးအန္တရာယ်ကြောင့် သီးသန့် တမင် ပြည်သူငတ်မွတ်အောင်လုပ်တာလို့ ထင်ပါတယ်” ဟု ပြောသည်။

ထိုသို့ရပ်ဆိုင်းတားမြစ်မှုနှင့် ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်အစိုးရ ပြောခွင့်ရှိသူ ဉီးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါ။

မိုခါမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ တစ်လခန့် ကြာမြင့်နေပြီဖြစ်သော်လည်း မုန်တိုင်းသင့် ရခိုင်ပြည်သူများထံသို့ စစ်ကောင်စီ၏ အရေးပေါ်ကူညီ ထောက်ပံ့မှုများကို မရရှိသေးသည့် ကျေးရွာအများအပြား ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

နိရဉ္စရာ – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here