စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်

0
436
ပုံစာ - ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ် ရန်နောင်စိုး။

ဖမ်းဆီးခံထားရသည့် စစ်ကောင်စီအဆင့်မြင့် တာဝန်ရှိသူနှစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့အား စစ်တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း စစ်ကောင်စီ၏ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် စစ်ကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထိုတာဝန်များကို ၎င်းတာဝန်ယူစဉ်အတွင်း ကုမ္ပဏီများကပေးအပ်သည့် တံစိုးလက်ဆောင်ပစ္စည်းများကို ရာထူးလုပ်ပိုင်ခွင့်ကိုအသုံးပြု၍ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကို ချမှတ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဗိုလ်မှူးချုပ် ရန်နောင်စိုးသည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့ခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့် ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကို ချမှတ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက “လူထုအာရုံလွဲအောင်အတွက် သူတို့ ပုလင်းတူဗူးဆို့တွေကို ထောင်ဒဏ်ချတယ်ဆိုပြီးတော့ လူမြင်ကောင်းအောင် လုပ်တာ။ အခုပုလင်းတူဗူးဆို့ လုပ်နေတဲ့သူတွေကို ပြောချင်တာက သူတို့ဇာတ်တူသားစားဖို့ ဝန်မလေးဘူးဆိုတာ ပြတာပဲ။ သူတို့ရဲ့အာဏာနဲ့ စည်းစိမ်ဥစ္စာတစ်ခုပဲ၊ ဘယ်သူ့မှ မညှာဘူး။ ရဲဘော်ရဲဘက်စိတ်ဆိုတာလည်း မရှိဘူး။ သူတို့အတွက် အသက်စွန့်ပြီး တိုက်နေတဲ့ စစ်သားတွေကိုလည်း ကျွန်တော်ပြောချင်တယ်။ စစ်ဗိုလ်ချုပ်တွေကိုလည်း ပြောချင်တယ်။ ဒါက ဟန်ပြလုပ်တာပဲ။ လာဘ်ပေးလာဘ်ယူလုပ်တာ၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်တာ ထိပ်ဆုံးက သူတို့လုပ်နေကြတာပဲ၊ မင်းအောင်လှိုင်ဆို အဆိုးဆုံး၊ အားလုံးက ထောင်တသက်တကျွန်း တရားဥပဒေအရ အမြင့်ဆုံး အပြစ်ဒဏ်ခံရမယ့်သူတွေ အကုန်လုံးပဲ” ဟု ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အထူးယုံကြည်စိတ်ချရသူဖြစ်ပြီး ဗိုလ်မှူးချုပ်ရန်နောင်စိုးမှာလည်း ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ ညာလက်ရုံးဖြစ်သည်ဟု သိရသည်။

သူတို့နှစ်ဦးသည် စက်တင်ဘာလတွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ရှေ့ဆင့်နောက်ဆင့်ခံခဲ့ရပြီး အဂတိလိုက်စားမှု စွပ်စွဲချက်များနှင့် စစ်ဆေးခံခဲ့ရပြီးနောက် အခုလို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရခြင်း ဖြစ်သည်။

နိရဥ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here