စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တွင် ငလျင်ကြောင့်နေအိမ်ထိခိုက်ပျက်စီးသူများအတွက် စစ်ကောင်စီက သီးသန့်ထောက်ပံ့ငွေများ ပေးအပ်မည်ဟု ဧပြီလကတည်းက ပြောဆိုထားသော်လည်း ထိခိုက်သူများအနေဖြင့် အဆိုပါထောက်ပံ့ငွေကို လက်ရှိအချိန်ထိ မရရှိသေးကြောင်း သိရသည်။
“ထောက်ပံ့ငွေက မရသေး၊ ပျက်စီးတဲ့ပေါ် မူတည်ပြီးတော့ပေးမယ်လို့တော့ ပြောသွားသေးတယ်။ ဘယ်အချိန်လာမလဲ မသိဘူး။ အပျက်အစီးစာရင်းတွေကိုတော့ အုပ်ချုပ်ရေးမှူးတွေက လာကောက်သွားတယ်” ဟု နေအိမ်ပျက်စီးခဲ့သည့် စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အပါအဝင် ငလျင်ဒဏ်သင့်သူများအတွက် တိုက်ခန်းများ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌက ငလျင်အလှူငွေပေးအပ်ပွဲအခမ်းအနားတခုတွင် ပြောဆိုခဲ့သည်။
ငလျင်ဒဏ်သင့်သူများအား အိမ်ခန်း ၁၆ ခန်း ပါဝင်သည့် လေးခန်းတွဲ လေးထပ်တိုက် ၅၁ ခုကို တည်ဆောက်သွားမည်ဟု ဆိုသည်။
တည်ဆောက်နိုင်ရေးအတွက်လည်း အလှူငွေများ လက်ခံရရှိထားပြီဖြစ်ကြောင်း တပါးတည်း ကြေညာပြောဆိုခဲ့သည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် တိုက်တာ အဆောက်အဦးများသည် လက်ရှိအချိန်ထိ ရှင်းလင်းနေရဆဲ အခြေအနေဖြစ်ကာ ကိုယ်ထူကိုယ်ထသာ လုပ်ဆောင်ရကြောင်း စစ်ကိုင်းဒေသခံများက ပြောဆိုကြသည်။
“အစိုးရကတော့ ဘာလုပ်ပေးမလဲ။ သူတို့ ဘယ်သူလာတယ်၊ ဘယ်သူလာတယ်ဆိုရင်တော့ စစ်သားတွေနဲ့ မြို့ထဲမှာ ဟိုနားရှင်း၊ ဒီနားရှင်း တွေ့ရတယ်။ တကယ့်အိမ်တွေ ပျက်တာပြုတာတွေကိုတော့ ကိုယ်တိုင်ပဲ လုပ်လိုက်ကြတာ အခုထိပဲရှင်းနေတုန်း။ လမ်းတွေကတော့ သွားလို့အဆင်ပြေသွားပြီ။ အိမ်ပျက်နေတာတွေလည်း ဖြိုချနေရတုန်း တချို့လည်း ပရဟိတအကူအညီတွေနဲ့လုပ်နေရတယ်” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ငလျင်အကူအညီအဖြစ် ဧပြီလတွင်ပြုလုပ်သည့် ပထမအကြိမ် ငလျင်အလှူငွေပေးအပ်ပွဲတွင် ငွေကျပ် ၁၁၂.၈၇ ဘီလီယံ၊ အလှူပစ္စည်းတန်ဖိုး ၁၂. ၄ ဘီလီယံ စုစုပေါင်း ၁၂၅ ဘီလီယံကျော် ရရှိခဲ့သည်။
မေလကုန်တွင် နောက်ထပ် ၁၃၁ .၅၃ ဘီလီယံနှင့် ကန်ဒေါ်လာ ၂၃ သန်းကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
ငလျင်ကြောင့် နေအိမ်၊ တိုက်တာအဆောက်အဦး ငါးသောင်းတစ်ထောင်ကျော်၊ ဌာနဆိုင်ရာအဆောက်အဦး တစ်သောင်းတစ်ထောင်ကျော်၊ စာသင်ကျောင်းပေါင်း နှစ်ထောင့်ငါးရာကျော်နှင့် ဘာသာရေးအဆောက်အဦး ခြောက်ထောင်နီးပါး ထိခိုက်ပျက်စီးခဲ့သည်။
လက်ရှိတွင်လည်း ငလျင်လှုပ်ခတ်ပြီး နှစ်လကျော်ကြာအထိ ထိခိုက်ပျက်စီးနေသည့် အဆောက်အဦးရှင်းလင်းရေးလုပ်ငန်းတို့ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို ငလျင်ရှောင်စခန်းများတွင် ဆက်လက်နေထိုင်နေရသူ ရာနှင့်ချီ ရှိနေဆဲဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။