စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင်ငွေ ကောက်ခံခြင်းမပြုရန် စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

0
374
ပုံစာ - စစ်ကိုင်းတိုင်းဒေသတွင်းလမ်းပိုင်းတနေရာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ အဓိကကျသော လမ်းမများပေါ်တွင် တရားမဝင် ငွေကြေးကောက်ခံခြင်း၊ အလှူခံခြင်း မပြုလုပ်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၀ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် လိုက်သည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကိုင်း – ရွှေဘိုလမ်း၊ စစ်ကိုင်း – မုံရွာလမ်းများ၊ ခရိုင်ချင်းဆက်လမ်းများပေါ်တွင် တရားမဝင်အလှူခံခြင်း၊ တရားမဝင် ငွေကြေးကောက်ခံနေသောဂိတ်နှင့် အလှူခံခြင်းများကို မတ်လ ၁၆ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းကြရန် အဆိုပါ ကြေညာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာ – စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေညာချက်။

အဆိုပါလမ်းပိုင်းတွင် သွားလာနေသော ကားယာဉ်မောင်းတစ်ဦးက “P ဂိတ်တွေက အများကြီးပဲ။ တစ်ရွာကို တစ်ခုလောက် ရှိတယ်၊ စစ်တပ်ဂိတ်တွေက ငါးခုခြောက်ခုလောက်ရှိတယ်” ဟု ရွှေဘိုနှင့် စစ်ကိုင်းလမ်းပိုင်းအခြေအနေကို ပြောပြပါသည်။

တော်လှန်ရေးကာလအတွင်း မဟာဗျူဟာလမ်းများပေါ်တွင် နှစ်ဖက်အဖွဲ့အစည်းများ၏ ငွေကြေးကောက်ခံ နေသည့်ဂိတ်များ အဆမတန် များပြားနေခြင်းကြောင့် ခရီးသွားလာချိန်သာမက ကုန်ပစ္စည်းများ ဝယ်ယူရာတွင်လည်း ဈေးနှုန်းကြီးမြင့်သည့် အကျိုးသက်ရောက်မှုများကို ခံစားနေရကြောင်း ဒေသခံပြည်သူများက ဆိုသည်။

“ဂိတ်တွေများတော့ ဂိတ်ကြေးတွေပေးရတော့ ကုန်သည်တွေကလည်း တွက်ခြေကိုက်အောင် ကုန်တွေပေါ်မှာ အမြတ်တင်ရောင်းတော့ ပြည်သူတွေပဲ ကုန်စျေးနှုန်းတက်တဲ့ဒဏ် ခံနေရတာပေါ့” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

စစ်ကိုင်းမြို့နယ်ပအဖက ယခုကဲ့သို့ ကြေညာထုတ်ပြန်ထားသော်လည်း အရေးယူနိုင်ရန်မှာ အခက်အခဲ ရှိနိုင်ကြောင်းလည်း ဒေသခံပြည်သူတချို့က သုံးသပ်ပြောဆိုကြသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အလားတူထုတ်ပြန်ချက်မျိုး ထုတ်ပြန်ခဲ့သေးသော်လည်း လက်တွေ့တွင် ထိထိရောက်ရောက် ကိုင်တွယ်နိုင်သည့် အခြေအနေမရှိကြောင်း ဒေသခံများပြောဆိုမှုနှင့် မြေပြင်သတင်းအချက်အလက်များအရ သိရှိရသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here