စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများဖြစ်ပွား

0
448

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း နှစ်ဖက်ထုတ်ပြန်ချက်များအရ သိရသည်။

အောက်တိုဘာ၂၇ ရက်နေ့၊ နံနက် ၈ နာရီ ၂၂ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ မော်ကွန်းတောင် အနောက်ဖက် တောင်ရိုးတလျှောက်၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိလည်း ရင်ဆိုင်တိုက်ပွဲများ၊ ကြိုကြားကြိုကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၃၀ ရက်နေ့က ထုတ်ပြန်သည်။

ထို့အတူ အောက်တိုဘာလ ၃၀ ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြိုနယ် ကညိုအင်း ကျေးရွာအနီးရှိ AA စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း စစ်ကောင်စီသတင်းချန်နယ်များ၌ ဖော်ပြထားသည်ကို တွေ့ရသည်။

ဗန်းမောက်မြို့နယ်ခံ လူငယ်တစ်ဦးက “ဗန်းမောက် တောင်ပိုင်းဘက်မှာလည်း AA တပ်ဖွဲ့ဝင်တွေ ရောက်နေတာ ရှိတယ် ။ လိုင်ဇာဘက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတော့ ဌာနချုပ် မကျအောင် KIA က သွားကာကွယ်နေရတဲ့သဘော ရှိတယ်။ ဒါကြောင့် သူ့နေရာကို မဟာမိတ်ဖြစ်တဲ့ AA နဲ့ အစားထိုးလိုက်တာ ဖြစ်နိုင်တယ်” ဟု ပြောဆိုသည်။

ယခုနောက်ပိုင်း စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် AA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိတွေ့မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လာခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ်တွင် စစ်ရေးတင်းမာနေသော ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏နေရာ အစားထိုးခြင်းဖြစ်နိုင်ကြောင်း ဒေသခံတချို့က သုံးသပ်သည်။

ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် BNRA ခေါင်းဆောင်ဗိုလ်နဂါး၏ ပြောဆိုချက်တစ်ခုတွင်လည်း ထီးချိုင့်မြို့နယ်အတွင်း ၎င်းတို့၏ လက်နက်သယ်ဆောင်စဥ် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ AA တပ်ဖွဲ့ဝင်များ ကူညီတိုက်ခိုက်ပေးခဲ့ပြီး ကျဆုံးခဲ့ရမှုများ ဖြစ်ပွားခဲ့သေးကြောင်း လွန်ခဲ့သော လအနည်းငယ်က ပြောဆိုမှု ရှိခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ညီနောင်မဟာမိတ်တပ်များရှိရာ ဒေသများအတွင်း စစ်ဆင်ရေးများ ဆောင်ရွက်နေပြီး အဆိုပါစစ်ဆင်ရေးများကြောင့် ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here