စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၅ မြို့နယ်ထက်မနည်းရှိ စစ်ကောင်စီစခန်းတွေကို ဒေသကာကွယ်ရေးတပ်-PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူ၊ ကောလင်း၊ အရာတော်၊ ကလေး၊ တမူး စသည့် မြို့နယ်များအတွင်းရှိ စစ်ကောင်စီစခန်းများကို PDF နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။
တမူးမြို့နယ် ခမ်းပါတ်ရဲစခန်းကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေကြောင်း ဒေသခံတွေက အတည်ပြု ပြောဆိုသည်။
“ဒီနေ့နံနက်ပိုင်းက စတင်ပြီး တမူးမြို့နယ်၊ ဝိတုတ်ရွာနဲ့ ခမ်းပါတ်မြို့မှာ တပ်မတော်နဲ့ ABSDF၊ PDF အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်” ဟု နိုဝင်ဘာလ ၃ ရက် နေ့ခင်းပိုင်း၌ တမူးဒေသခံတစ်ဦးက အတည်ပြု ပြောဆိုသည်။
ကောလင်းမြို့တွင်လည်း မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် နေကြောင်းနှင့် ပြည်သူတချို့ ပိတ်မိနေပြီး တိမ်းရှောင်လာသော ပြည်သူများကို စောင့်ရှောက်မှု ပေးထားကြောင်း ကောလင်း PDF သတင်းရင်းမြစ်က ပြောဆိုသည်။
ကောလင်းမြို့ကို KIA (ကချင်လွတ်မြောက်ရေးတပ်မတော်)၊ AA (ရက္ခိုင့်တပ်တော်) ၊ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေကြောင်းနှင့် စစ်ကူပစ်ကူများ လိုအပ်ကြောင်း စစ်ကောင်စီသတင်းရင်းမြစ်များတွင်လည်း ဖော်ပြသည်ကို တွေ့ရသည်။
KIA ဦးဆောင်သည့် စစ်ကိုင်းနွေဦးစစ်ကြောင်းက ကလေးမြို့နယ်တွင် စစ်ကောင်စီစခန်း ၆ ခု၊ ရဲစခန်း ၄ ခု၊ တမူးဘက်တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်း ၄ ခု၊ အရာတော်နှင့် ကန့်ဘလူမြို့တွင် ရဲစခန်းများကို သိမ်းနိုင်ခဲ့ပြီး ကောလင်းမြို့မ ရဲစခန်းနှင့် ရန်ကြီးအောင် စစ်ကောင်စီတပ်တို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ သယံဇာတရေးရာဝန်ကြီး ဒေါက်တာတူးခေါင်က အတည်ပြု ပြောထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့၌ စတင်ခဲ့သော မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် အကြပ်တွေ့နေသော စစ်ကောင်စီတပ်အား ပိုမိုအခက်တွေ့စေရန် အတွက် စစ်ကိုင်းတိုင်းတွင်သာမက မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် ကရင်နီ (ကယား) ပြည်နယ်တို့တွင်ပါ စစ်ဆင်ရေးများကို တပြိုင်နက်တည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူတချို့က သုံးသပ်မှုများ ရှိနေသည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။