စစ်ကိုင်းတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းပိုက်စိုးမိုးထားသည့်မြို့များကို စစ်ကောင်စီက ယခုဇန်နဝါရီလအတွင်း သုံးကြိမ်ထက်မနည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့နယ် ခမ်းပတ်မြို့ ကနန်ကျေးရွာနှင့် အင်းတော်မြို့နယ် မော်လူးမြို့များကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့ ညပိုင်းတွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာ ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ် PDF တပ်မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့လေကြောင်းတိုက်ခိုက်မှုအပြီး နာရီအနည်းငယ်အကြာတွင် အင်းတော်မြို့နယ် မော်လူးမြို့ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်နေရာကို စစ်ကောင်စီက ထပ်မံ ဗုံးကြဲတိုက်ခဲ့သည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မော်လူးမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်တချို့နှင့် ရုံးဌာနတချို့ ထိခိုက်ပျက်စီးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။
ဒေသခံတစ်ဦးက “မော်လူးကို ချသွားတာ။ သူတို့ရဲ့အဝင် ကွင်းလမ်းကနေလာတဲ့ လမ်းပါ့ညယ် (ဒေသသုံးစကား)၊ အဲ့နားမှာသုံးလုံး ( KIA,PDF) တွေရဲ့ ဂိတ်ရှိတယ်။ အဲ့ဂိတ်ကိုချတာ ပျက်စီးကုန်တာပါ။ အထိအခိုက်တွေတော့ ကြားပဲကြားတာ” ဟု ပြောသည်။
ခမ်းပတ်မြို့တွင် ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၂၀ ရက်နေ့တို့၌ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ဝန်းကျင် ရှိခဲ့သည်။
ဇန်နဝါရီလအတွင်း NUG ထိန်းချုပ်မြို့များအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်းသည် NUG ၏ ပြည်တွင်း ဝန်ကြီးဌာနရုံးများ ဖွင့်လှစ်သွားမည့်ဆိုသည့် သတင်းစကားများကြောင့်ဟု နိုင်ငံရေးလေ့လာသူများနှင့် ဒေသတွင်းလူငယ်များက ပြောဆိုကြသည်။
ရှမ်းနီအသံ ပေးပို့သည်။