ဂွမြို့၊ စည်ပင်ရွာနှင့် ကျောက်ကြီးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဗျူဟာမှူး စနိုက်ပါထိမှန်သေဆုံးဟုဆို

0
102

ရခိုင်ပြည် ဂွမြို့နှင့် ၄ မိုင်ခန့်အကွာရှိ စည်ပင်ရွာနှင့် ကျောက်ကြီးရွာတွင် ဖြစ်ပွားခဲ့သည့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲအတွင်’ စစ်ကောင်စီတပ်ဗျူဟာမှူး စနိုက်ပါထိမှန်၍ သေဆုံးသွားကြောင်း တပ်တွင်းကလာသော သတင်းများအရ သိရသည်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တပ်တွင်းက လာတဲ့သတင်းအရ စည်ပင်နဲ့ ကျောက်ကြီးနားမှာဖြစ်တဲ့တိုက်ပွဲမှာ ဗျူဟာမှူး စနိုက်ပါထိပြီး သေတယ်လို့ သိရတယ်။ စည်ပင်မှာ အထိုင်ချထားတဲ့တပ်က ခမရ ၅၆၂ ကို ဆုတ်လာတယ်လို့ သိရပါတယ်” ဟု ပြောသည်။

စည်ပင်ရွာနှင့် ကျောက်ကြီးရွာအနီး တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ခမရ (၅၆၂) နှင့် ရေကြောင်းကနေ လက်နက်ကြီးပစ်ကူများနှင့် ပစ်ခိုက်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါသတင်းရင်းမြစ် ပြောဆိုမှုအရ သိရသည်။

“ဒီနေ့ရတဲ့သတင်းက တိုက်ပွဲက ဂွမြို့နားကို ကပ်လာတော့ တပ်ရင်း ၅၆၂ မှာရှိနေတဲ့ လူနာ ၁၀၀ လောက်အထဲက တချို့ကို ဒီကနေ့ ငသိုင်းချောင်းကို ရွှေ့တယ်လို့ကြားတယ်။ ကားတွေနဲ့ ရွှေ့နေတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ဂွမြို့နယ် လမ်းဆုံလမ်းခွများနှင့် အရေးပါသောနေရာများတွင် တင့်ကားများကို ချထားသည်ဟု ၎င်းက ပြောဆိုသည်။

“ဂွမြို့ထဲမှာ လူတွေမရှိတော့ဘူး။ စီးပွားရေးဘဏ်က ပိုက်ဆံတွေကို တပ်ရင်း ၅၆၂ ကို အကုန် ရွှေ့ပြောင်း ယူဆောင်သွားတယ်လို့ သိရပါတယ်။ ထူးခြားချက် သံချပ်ကာကားတွေကို လမ်းဆုံလမ်းခွတွေမှာ ချထားပါ တယ်။ တိုက်ပွဲက ဂွမြို့မှာ နေ့လားညလား၊ အဲသလို အနေအထားတော့ ရှိနေပါတယ်” ဟု ၎င်းကပြောသည်။

စည်ပင်နှင့် ကျောက်ကြီးတိုက်ပွဲတွင် ဗျူဟာမှူး စနိုက်ပါထိ၍ သေဆုံးသွားသည့် သတင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အာရက္ခတပ်တော် (AA) သည် မောင်တောမြို့ နခခ (၅) ဌာနချုပ်ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဆက်လက်၍လည်း တောင်ကုတ်၊ အမ်းနှင့် ဂွမြို့တို့ကို သိမ်းပိုက်နိုင်ရန် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များ ပြောဆိုမှုအရ သိရှိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here