ဂန့်ဂေါမြို့၊ မင်းရွာရဲစခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၅ ဦးကို ဖမ်းဆီးရမိ

0
329
ပုံစာ - မင်းရွာစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီလက်အောက်ခံများ (Photo- CJ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေထဲက ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ ယောညီနောင် ပ.က.ဖ အဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က မင်းရွာရဲစခန်းသိမ်းတိုက်ပွဲတွင် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီ ရဲ ၇ ဦးထဲက ၅ ဦးကို အရှင် ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့သူတွေကို ကျွန်တော်တို့က သက်ဆိုင်ရာရင်းတွေကို အပ်ခဲ့ပြီး ပြန်လာခဲ့တာပေါ့။ ထွက်ပြေးသွားတဲ့ ရဲတွေကို အခြားမဟာမိတ်တပ်တွေက ဖမ်းဆီးပြီးတော့ အခုခရိုင်ကွပ်ကဲရေးရုံးမှာ အပ်ထားတယ်လို့ သိရတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို မူဝါဒနဲ့အညီ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေထံ အပ်နှံထားသလို ဖမ်းဆီးဖို့ ကျန်သေးတဲ့ စစ်ကောင်စီတပ်သားတစ်ဦး ရှိနေသေးတာကြောင့် လုံခြုံရေးဂရုစိုက်ကြဖို့ ယောညီနောင် ပ.က.ဖ အဖွဲ့ရဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သူတွေထဲမှာ ရဲဒု-တပ်ကြပ်အောင်သူဖြိုး အပါအဝင် ရဲတပ်သား ညီမင်းထက်၊ စိုင်းကိုဆက်၊ စိုးမြင့်သန်းနဲ့ ဝင်းထက်ခိုင်တို့ အပြင် သူတို့ထွက်ပြေးလွတ်မြောက်အောင် လာကြိုသည့် NON CDM ဆရာမကိုပါ နိုဝင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့ကို ယောညီနောင် ပ.က.ဖ၊ လင်းယုန် – LPDF၊ ရှမ်းညီနောင် ပ.က.ဖ၊ YDF၊ MPDF တပ်ဖွဲ့၊ တပ်ရင်း ၇၊ တပ်ရင်း ၁၁ က ရဲဘော်တွေနဲ့အတူ အမည်မဖော်လိုသည့် ရပ်ကျေး ပ.က.ဖတွေ ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here