ချင်းပြည်နယ်တွင် လေကြောင်းရန်ကာကွယ်ရေး ပြင်ဆင်မည်ဟု CNF ပြောဆို

0
369
ပုံစာ - ချင်းအမျိုးသားတပ်ဖွဲ့များ။ (Photo -Chin National Army)

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်လာမှုကြောင့် ချင်းပြည်နယ်တွင် လေကြောင်းရန် ကာကွယ်ရေးအတွက် ပြင်ဆင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောဆိုသည်။

“လေကြောင်းရန်ကာကွယ်ရေးကို ကျွန်တော်တို့ ပြင်ဆင်မှုတွေ လုပ်တာပေါ့။ လုပ်တာမှာ ကျွန်တော်တို့ ပစ်နိုင်တဲ့ လက်နက်ကြီးတွေ ဘာတွေမရှိဘူးပေါ့။ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကျွန်တော်တို့ တစ်ခုတည်းလုပ်လို့ရတာ မဟုတ်ဘူး။ အချိတ်အဆက် အားကောင်းကောင်းနဲ့ ကျွန်တော်တို့ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ မြေပြန့်တောင်ပေါ်လုပ်နေတယ်။ ဆက်ပြီးလုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိတွင် အင်အားနည်းလာပြီး ချင်းပြည်နယ်အတွင်း ပြောက်ကျားစနစ်ကို ကျင့်သုံးလျက် လက်နက်ကြီးထက် လေယာဉ်ကို ပိုမိုအားကိုးလာသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရန်အတွက် ဗျူဟာပိုင်းကို အတတ်နိုင်ဆုံး ပြင်ဆင်ထားသည်ဟုလည်း ဆလိုင်းထက်နီက ဆက်ပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ထဲသို့ အောက်တိုဘာ ၁၀ ရက်၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ် မှ မွန်းလွဲ ၁ နာရီ ၁၀ မိနစ် အထိ စစ်ကောင်စီတပ်သည် လေကြောင်းမှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောသည်။

“ဂျက်ဖိုက်တာ နှစ်စီးပေါ့။ ဗုံးကြဲတိုက်ခိုက်မှု မြို့ပေါ်မှာ လာလုပ်တာပေါ့နော်။ ကျွန်တော်တို့ဘက်က အထိအခိုက်တော့ မရှိဘူးပေါ့။ သူတို့ ပြန်လှည့်သွားတယ်” ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၉ ရက်၊ ညက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာ စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ကွက်ကွက်ကွင်းကွင်း ပေါ်လာစေသည်ဟုလည်း ဆလိုင်းထက်နီက ပြောဆိုသည်။

“ကချင်လိုင်ဇာမှာတော့ အပြစ်မဲ့ပြည်သူစစ်ဘေးရှောင်ကို ပစ်တာကတော့ စစ်ကောင်စီ အကြမ်းဖက်တယ် ဆိုတာကို သူတို့ရဲ့ဇာတိကို ကွက်ကွက်ကွင်း ပေါ်လာနေတာပေါ့နော်။ အဲ့ဒီအတွက် ကျွန်တော်တို့က ကြောက်မှာ မဟုတ်ဘူး။ ပြည်သူလူထုလည်း ကြောက်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီသူရဲ့လုပ်ရပ်ကို ဘယ်သူမှ လက်မခံဘဲ အမုန်းပွားနေမှာပဲ” ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် သြဂုတ်လ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်၏ ခလရ ၂၆၉ စခန်းကို ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

အလားတူ သြဂုတ်လ ၁၂ ရက်နေ့ကလည်း ဖလမ်းအခြေစိုက် အာဏာသိမ်းစစ်တပ်၏ ၁၆၈ ဌာနချုပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြပြီး လက်နက်များရရှိခဲ့ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here