ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါ တကျာ့ပြန်အဖြစ်များလာနေ

0
267
ပုံစာ - Lailun ဆေးရုံတွင် ကုသမှုလာရောက်ခံယူကြသည့်ချင်းပြည်သူများ

ချင်းပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဖွင့်လှစ်ထားသော Lailun ဆေးရုံတွင် ကုသမှု လာရောက်ခံယူကြသည့် ချင်းပြည်သူ ၃၀ ရာခိုင်နှုန်းတွင် ငှက်ဖျားရောဂါ ဖြစ်ပွားနေသဖြင့် ငှက်ဖျားရောဂါ ပြန်လည်အဖြစ်များလာနေသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ပြောသည်။

တကျော့ပြန် အဖြစ်များလာသည့် ငှက်ဖျားရောဂါသည် ချင်းပြည်နယ် နေရာအများအပြားတွင် ဖြစ်ပွားနေပြီး အဓိကအားဖြင့် မြို့များနှင့် အလှမ်းဝေးသော ကျေးလက်ဒေသများတွင် ပိုအဖြစ်များ လာသည်ဟု သိရသည်။

ဆေးရုံသို့ လာရောက်ကုသမှု ခံယူသူ ချင်းပြည်သူဦးရေ ၅၀၀ နီးပါး တွင် ၅၀ ရာခိုင်နှုန်းမှာ ရာသီတုတ်ကွေး ဖြစ်ပွားနေေကြာင်း၊ ၃၀ ရာခိုင်နှုန်းသည် ငှက်ဖျားရောဂါများ တကျော့ပြန် အဖြစ်များ လာနေပြီး ကျန် ၂၀ ရာခိုင်နှုန်းမှာ ပုံမှန်ဖြစ်နေကြ နှာစေးချောင်းဆိုး၊ နာတာရှည် ရောဂါများ ဖြစ်သည်ဟု ICA မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဆလိုင်းဗန်ဆေးစံက ပြောသည်။

“အခုအများဆုံးဖြစ်နေတာက ရာသီတုတ်ကွေးပေါ့နော်။ ရာသီတုတ်ကွေးက အဖြစ်အများဆုံး ဖြစ်နေတယ်။ အရင်တုန်းက မရှိတော့တဲ့ဟာ ငှက်ဖျားပြန်ဖြစ်တဲ့ သူကလည်းတော်တော်လေး ရာခိုင်နှုန်း တိုးလာတယ်။ ဘာလို့လည်းဆိုတော့ ဆေးဝါးကုသဖို့ လုံလုံလောက်လောက် မရှိတာ၊ နောက်တချက်က ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာ၊ အဲဒါကြောင့် ငှက်ဖျား အတော်လေးအဖြစ်များနေပါတယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ် မေလ ၁၂ ရက်က ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေတနေရာ၌ Lailun ကုတင် ၂၀ ဆံ့ ဆေးရုံကို စတင်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ အထိ နှစ်လတာကာလအတွင်း ချင်းပြည်သူ ၅၀၀ နီးပါးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

Lailun ဆေးရုံသည် ကျေးရွာတစ်ရွာတွင် အိမ်ခြေ ၅၀ ပျှမ်းမျှ ရှိနေသော ကျေးရွာပေါင်း ၅၀ နီးပါးကို လွှမ်းခြုံကုသပေးနေသည့် ဆေးရုံဖြစ်သည်ဟု ဆလိုင်းဗန်ဆေးစံက ပြောသည်။

“အဓိက လိုအပ်တာက လာမယ့်နှစ်တွေမှာတော့ ကြိုတင်ကာကွယ်မှုကို ဒီထက်မက လုပ်ပေးနိုင်ဖို့ အရေးကြီးတယ်။ ဆေးဝါးတွေလည်း အကူအညီတွေ လိုပါတယ်။ ချင်းပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်နေတာက ရာသီတုတ်ကွေးအတွက်ရယ်၊ ငှက်ဖျားအတွက် ကြိုတင် ကာကွယ်ရမယ်၊ အဲဒါက အတော်ကို လိုအပ်ချက်တွေ များနေပါတယ်။ ကူညီနိုင်မဲ့သူ ရှိရင်တော့ တူတူလက်တွဲပြီး ပူးပေါင်းလုပ်ဆောင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ဆေးရုံ၌ အမြဲတမ်းဆရာဝန် ၁ ဦး၊ သူနာပြု ၂ ဦးနှင့် အချိန်ပိုင်းဝန်ထမ်း ၈ ဦးဖြင့် လည်ပတ်နေပြီး လက်ရှိကာလ၌ ချင်းပြည်သူများ လာရောက်ကုသမှု ပိုမိုများပြားလာ၍ ဝန်ထမ်း မလုံလောက်မှုနှင့် အဆောက်အအုံ မလုံလောက်မှုများကြောင့် ထပ်မံတိုးချဲ့နိုင်ရန် ကြိုးစားနေသည်ဟု တာဝန်ရှိသူတို့၏ ပြောဆိုမှုအရသိရသည်။

ထို့အပြင် ကျေးရွာများနှင့် စစ်ရှောင်စခန်းများရှိ ပြည်သူများကို မိုဘိုင်းကျန်းမာရေး စောင့်ရှောက်မှုစနစ် အပါအဝင် ဆေးခန်း ၂ ခုဖြင့် ကုသပေးနေရာ အာဏာသိမ်း ၂ နှစ်ကျော်အတွင်း လူနာပေါင်း ၇၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့သည်ဟု ICA က ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်အတွင်းက Zokhawthar ရွာတွင်လည်း ဆေးခန်းနှင့် မိုဘိုင်း ဆေးခန်းများမှ တဆင့် စစ်ရှောင်လူနာပေါင်း ၅ ထောင် နီးပါးကို ကုသမှုပေးထားကြောင်းနှင့် Aizawl မြို့အနီးရှိ စစ်ရှောင်စခန်းများမှ လူနာပေါင်း ၃၀၀ ကျော်ကိုလည်း ကုသပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ဆေးရုံနှင့် ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်းအများစုသည် CDM ကျန်းမာရေး ဝန်ထမ်းများ ဖြစ်ပြီး ထောက်ပံ့ကြေး အနည်းငယ်ဖြင့် ခက်ခဲစွာ ရပ်တည်လုပ်ကိုင်နေကြရသည်ဟု သိရသည်။

ဆေးကုသရန် လာရောက်သူ ပိုမိုများပြားလာသည့် အဆိုပါဆေးရုံဆေးခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ ပေးနိုင်ရန်အတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်သည်ဟု ဆေးရုံတာဝန်ရှိသူများက ပြောဆိုသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here