ချင်းပြည်နိုင်ငံရေး အခင်းအကျင်းအပြောင်းအလဲများ၊ ပါဝါအပြောင်းအလဲများကို ပိုနားလည်ပြီး ချင်းပြည် တည်ဆောက်ရေးတွင် အထောက်အကူပြုနိုင်ရန်အတွက် “ပါဝါတည်ရာ၊ လာရာ၊ လားရာဖြန့်ကျက်ရာ လေ့လာဆန်းစစ်မှု” စာတမ်းတစ်စောင်ကို Institute of Chinland Studies (ICS) က ထုတ်ပြန်သည်။
လက်ရှိ ချင်းနိုင်ငံရေး အခင်းအကျင်းသည် ဗဟိုနိုင်ငံရေးအစီအမံမှ ကင်းလွတ်သည့် ချင်းပြည်တည်ဆောက်ရေး ဖြစ်စဉ် စတင်ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်သည် အလွှာပေါင်းစုံ၏ အမျိုးသားရေး၊ နိုင်ငံရေး နိုးကြား အားကောင်းမှုကို အခွင့်အလမ်းအဖြစ် အသုံးချ၍ နိုင်ငံရေးပဋိညာဉ်သစ်တစ်ခု တည်ဆောက်ရန် အကောင်းဆုံး အခြေအနေ ဖြစ်သည်ဟု စာတမ်းတွင် သုံးသပ်ထားသည်။
နွေဦးတော်လှန်ရေးသည် တစ်နိုင်ငံလုံး၏ နိုင်ငံရေးမျက်နှာစာ အပြောင်းအလဲ ဖြစ်သည့်နည်းတူ ချင်းပြည် တွင်လည်း သမိုင်းတလျှောက် မကြုံဖူးသေးသည့် နိုင်ငံရေးသစ်၊ အခင်းအကျင်းသစ်ဖြင့် အင်အားစုအသစ်များ ပေါ်ထွန်းအားကောင်းလာခြင်းသည် အထူးအလေးထားရမည့် အချက်ဖြစ်ကြောင်း စာတမ်းက ဆိုသည်။
ICS ၏ “ပါဝါတည်ရာ၊ လာရာ၊ လားရာဖြန့်ကျက်ရာ လေ့လာဆန်းစစ်မှု” စာတမ်းကို မေလ ၄ ရက်က အွန်လိုင်းမှ တဆင့် တာဝန်ရှိသူများ၏ ဆွေးနွေးမှုဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ချင်းပြည်၏ နိုင်ငံရေး အားကောင်းလာမှု၊ အမျိုးသားရေး နိုးကြားမှုက အခြေအနေသစ် ၃ ခုကို ဖြစ်ပေါ်စေ ခဲ့ကြောင်း ICS စာတမ်းက ဆိုသည်။
ပထမအချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသစ်များ ပေါ်ပေါက်လာရာ သက်ဆိုင်ရာ မြို့နယ်၊ ဒေသ၊ မျိုးနွယ်စုများ၏ အရေးကြီး အခန်းကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်ဟု ဆိုသည်။
ဒုတိယမှာ ကွဲပြားစုံလင်သော မျိုးနွယ်စုများ၊ ဒေသများ၊ မြို့များသည် နိုင်ငံရေး ကိုယ်စားပြုုမှု အားကောင်း လာနိုင်ရန် အစုအဖွဲ့များဖွဲ့စည်း၍ အရပ်ဘက်နိုင်ငံရေးကို ဆောင်ရွက်ခြင်းအပြင် ပြည်သူ့အုပ်ချုပ်ရေးများကို တည်ဆောက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
တတိယအချက်မှာ အာဏာမသိမ်းမီက ပြည်နယ်လုံးဆိုင်ရာ ကိုယ်စားပြုနိုင်ရန် ကြိုးစားမှုထက် ပိုကျယ်ပြန်သည့် ချင်းပြည်လုံးဆိုင်ရာ နိုင်ငံရေး၊ စစ်ရေး ကိုယ်စားပြုအစုအဖွဲ့ ပေါက်ပေါက်လာခြင်း ဖြစ်သည်ဟု ICS က ဆိုသည်။
လက်ရှိ ချင်းပြည်သည် အစိတ်အစိတ်အမွှာမွှာနှင့် အကွဲအပြဲ ဖြစ်နေခြင်း မဟုတ်ဘဲ မတူညီသော လူမှု အသိုင်းအဝိုင်းပေါင်းစုံ စုပေါင်းနိုင်ရေးအတွက် နည်းလမ်းရှာဖွေသည့် ကာလ၊ နိုင်ငံရေး သဘောတူညီချက် မရနိင်သေးသော ကာလသာ ဖြစ်သည်ဟု ICS ၏ စာတမ်းတွင် ဖော်ပြထားသည်။
ICS သည် နိုင်ငံလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ တော်လှန်ရေး အစုအဖွဲ့တွင်ပါဝင်ကြသူများ၊ NUCC တွင် ပါဝင်သူများ၊ လက်ရှိ ချင်းဒေသန္တရ အုပ်ချုပ်ရေးတွင် ပါဝင်သူများ၊ CDM များ၊ ချင်းအရပ်ဘက် လူငယ်တက်ကြွ လှုပ်ရှားသူများ၊ ချင်းကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်သူများ၊ နိုင်ငံလုံးဆိုင်ရာအဆင့်နှင့် ဒေသတွင်း သပိတ် ကော်မတီ လှုပ်ရှားမှုတွင် ပါဝင်ကြသူများအပြင် တော်လှန်ရေး အင်အားစုအသီးသီးကို ပံ့ပိုးနေသည့် အလွှာပေါင်းစုံမှ ချင်းလူငယ်များစုစည်း၍ ၂၀၂၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KMG ပေးပို့သည်။