ကွတ်ခိုင်စစ်ကောင်စီတပ်မှ နမ့်ဖတ်ကာရွာဒေသခံများကို ထွက်ပြေးတိမ်းရှောင်ရန်ပြောဆို

0
265
ပုံစာ - စစ်ရှောင်ဒေသခံတချို့။

သျှမ်းပြည်၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာကျေးရွာအုပ်စုမှ ဒေသခံပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရန် စစ်ကောင်စီတပ်မှ ပြောဆိုကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးတွင် အခြေစိုက်သော စစ်ကောင်စီတပ် ခလရ – ၁၂၃ မှ နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ပြည်သူများကို ဒီဇင်ဘာလ ပထမပတ်မှစ၍ ထွက်ပြေးတိမ်းရှောင်ကြရန် လာရောက် ပြောဆိုကြောင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ဒေသခံများက ပြောသည်။

“အခု နမ့်ဖတ်ကာမှာလဲ တောက်လျှောက် ရှောင်ခိုင်းနေတာ၊ တော်တော်များများ ရှောင်ကုန်ပြီ။ ကွတ်ခိုင်မြို့နယ် တဝိုက်မှာဆိုရင်တော့ မုံးစီးတို့ တာမိုးညဲတို့ဘက်မှာလဲ စစ်ဘေးရှောင်က ၂ ထောင် ၃ ထောင်စီ ရှိနေကြပြီ။ တာမိုးညဲလဲ အကုန်လုံးက ကွတ်ခိုင်ကို ရွှေ့လာကြပြီလေ။ မုံးစီးဆိုရင် အရင်က စစ်ရှောင်နေတဲ့ စစ်ရှောင်စခန်း (camp) ၄ ခု မှာ စာရင်းအရ လူ ၂၀၀၀ လောက် ရှိတယ်။ ကွတ်ခိုင်မြို့ တစ်မြို့ပဲကျန်တယ်၊ အဲ့တာလဲ ဘယ်နေ့ ရှောင်ရမလဲ မသိသေးဘူး။ တစ်မြို့နယ်လုံး ရှောင်ကြတာဆိုတော့ သောင်းဂဏန်းလောက် ရှိတော့မယ်” ဟု နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါသည်။

နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ – ၁၂၃ နှင့် နီးစပ်သည့် ရပ်ကွက် ၄ ခုတို့မှ ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ခိုင်းခြင်းကြောင့် ဒီဇင်ဘာလ ၂ ရက်မှ စ၍ နီးစပ်ရာကျေးရွာနှင့် လယ်တောများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ့်ဖတ်ကာကျေးရွာ စစ်ဘေးရှောင်များထံမှ သိရသည်။

နမ့်ဖတ်ကာကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “နမ့်ဖတ်ကာ၊ မုံးစီး၊ တာမိုးညဲ၊ ကာလိုင် ဒီတကြောပေါ့။ ကွတ်ခိုင်ဘေးပတ်ဝန်းကျင်က လူတွေရော အခုက ကိုယ့်ရွာမှာကိုယ် မနေကြတော့ဘူး။ လွတ်မယ်ထင်တဲ့နေရာ ကြိုပြီးမှ ရှောင်နေကြရတယ်။ ကာလိုင်မှာဆိုရင် စစ်ရှောင်စခန်းကနေ နောက်ထပ် စစ်ရှောင်ရတယ်။ အခုလူဦးရေက အားလုံးပေါင်းကြည့်မယ်ဆိုရင် တစ်သောင်းနားလောက် ကပ်နေပြီ၊ တိုးဖို့ပဲ ရှိမယ် လျော့ဖို့မရှိဘူး။ အခုက မြို့ကလူက တောကိုရှောင်၊ တောကလူက ဟိုးတောထဲကို ထပ်ရှောင်ပေါ့ အဲ့လို ဖြစ်နေတာ”ဟု ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသည့် လူနာများကို ဆေးကုသပေးနေသည့် ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင်လည်း ဆေးဝါးမလုံလောက်တော့ဘဲ ပြတ်လပ်နေသည်ဟု ကွတ်ခိုင်မြို့ စစ်ဘေးရှောင်များက ပြောသည်။

“နမ့်စလပ်က အစပေါ့၊ ကွတ်ခိုင် ပတ်ပတ်လည် နေရာတကာက လူနာတွေ ဒီကိုပဲ လာကြတာလေ။ ကွတ်ခိုင် ဆေးရုံမှာလဲ ဆေးတွေ ပြတ်နေပြီ။ အရေးပေါ်လူနာချုပ်ဖို့ အပ်ချည်တောင် မရှိတော့တဲ့အထိ အရေးပေါ်ဖြစ်နေပြီ။ အရေးတကြီး လိုအပ်တာကတော့ အဲ့ဒီဆေးဝါးတွေပေါ့။ ကျမတို့ စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာတွေလဲ အလောတကြီး လိုအပ်နေတယ်”ဟု ကွတ်ခိုင်မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးက ပြောပါသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ထိမှန်မှုကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ကွတ်ခိုင်မြို့စစ်ဘေးရှောင်များထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here