ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့ရှိ ခလရ ၂၈၄ တပ်ရင်းကို ဇွန်လ ၂ ရက် နံနက်စောပိုင်းကစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရှိရသည်။
“မနက်အစော ညဉ့်နက်ပိုင်းကပေါ့။ ဒီကနေ့ ဇွန် ၂ ရက်နေ့ ညဉ့် ၁၂ နာရီအကျော်လောက်နေ မနက် ၄ နာရီလောက် အချိန်အတွင်းမှာ ဒရုန်းနဲ့ ဗုံး ၆ လုံးလာကြဲတာပေါ့။ ထိခိုက်မှုတော့ မရှိလိုက်ပါဘူး။ ပျက်စီးမှုတော့ ရှိတာပေါ့” ဟု တပ်တွင်းသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် ထိုနေ့နံနက်ပိုင်း ၅ နာရီကျော်ခန့်တွင် အမှတ် – ၅ ရပ်ကွက်ထဲရှိ ကြာအင်းဆိပ်ကြီး ခရိုင်ရဲစခန်းနှင့် အမှတ် ၆ ရပ်ကွက်ထဲရှိ စရတ စု – ၄ ရုံး၊ ခရိုင်စီမံရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မြေစာရင်းရုံးများသို့ KNLA နှင့် ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရှိရသည်။
“ မနက်က အပြန်အလှန် ပစ်တာ မနိုင်တော့ စကစဘက်က လက်နက်ကြီးဗျူဟာကုန်းကနေ ပစ်ကူတာသိရတယ်။ ရပ်ကွက်ဘက်ထဲ ပစ်တာဆိုတော့ ပြည်သူကို ထိကုန်တာပေါ့” ဟု အမှတ် ၅ ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် ကြာအင်းဆိပ်ကြီးမြို့၊ အမှတ် (၆) ရပ်ကွက်ထဲရှိ ကမ်းနား ဘုန်းကြီးကျောင်းမှ ဘုန်ကြီး ၂ ပါး၊ အရပ်သား ၂ ဦးနှင့် အမှတ် – ၃ ရပ်ကွက်အတွင်းရှိ အသက် ၁၅ အရွယ် လူငယ်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အခြေချ စစ်ဗျူဟာနှင့် တပ်ဌာနချုပ်များမှ လက်နက်ကြီးလက်နက်ငယ်များနှင့် MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးတို့ဖြင့် ပစ်ကူမှုများ ပြုလုပ်ပေးခဲ့ကြောင်း စစ်ကောင်စီဝါဒ ဖြန့်မီဒီယာများက ရေးသားဖော်ပြထားကြောင်း တွေ့ရှိရသည်။
နိရဉ္စရာ – ပေးပို့သည်။