ကျောက်မဲ၊ နောင်ပိန်ရွာခံများ ထွက်ပြေးတိမ်းရှောင်ကြရန် ညီနောင်မဟာမိတ်များပြောဆို

0
407

သျှမ်းပြည်၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအတွင်း နေထိုင်သည့် ပြည်သူများကို နိုဝင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီ အပြီးထွက်ပြေးတိမ်းရှောင်ကြရန် ညီနောင်မဟာမိတ်တပ်ဖွဲ့က လာရောက်အကြောင်းကြားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ကျောက်မဲမြို့နှင့် နောင်ချိုမြို့ အကြားရှိ နောင်ပစ်လမ်းခွဲတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မန္တလေး-PDF တို့ တပ်စွဲထားသည်ဟု ဆိုသည်။

ထို့ကြောင့် နောင်ပိန်ကျေးရွာအတွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် TNLA နှင့် မန္တလေး -PDF တို့က ရွာခံများအား ကျေးရွာအနီး ၃ မိုင် ပတ်ပတ်လည်တွင် မနေကြရန် နိုဝင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီ အပြီးထွက်ပြေးရန် လာရောက်ပြောသွားသည်ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာထဲက လူကြီးတွေတော့ ထွက်ပြေးကုန်ပြီ။ တချို့ကတော့ အိမ်စောင့်ကျန်ခဲ့တာရှိတယ်။ အခုမနက် ၁၀ နာရီခွဲ လောက်မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာဝဲတယ်” ဟု နောင်ပိန်ဒေသခံအမျိုးသားက ပြောသည်။

ထို့ပြင် နိုဝင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီနှင့် ည ၁၀ နာရီခွဲခန့်တွင် ကျောက်မဲဘက်ခြမ်းရှိ ဂုတ်တွင်းနှင့် နောင်ပိန်ကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

ကျောက်မဲဒေသခံတစ်ဦးက “နောင်ချိုဘက်က အုမ္မသီးနဲ့ ရေမောင်းတန်းမှာ ပိတ်ထားတာက ဖွင့်လိုက်တာ ပေါ့နော်။ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက အဲ့ကနေ ဆုတ်ပြီးတော့ နောင်ပိန်ဘက်ခြမ်းမှာ လာမဲနေတာ။ စစ်ကောင်စီက အရင်လို လူအရင်မတက်ဘဲ လက်နက်ကြီးတွေ အမြောက်တွေနဲ့ နောင်ချိုတပ်ဘက်ကရော၊ ကျောက်မဲတပ်ဘက်ကရော နောင်ပိန်ဘက်ကို ပစ်ကြတာ။ မနေ့က နေ့လယ် ၁၂ နာရီ တစ်ခါ၊ ည ၁၀ နာရီခွဲ တစ်ခါ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၂ ခါ နောင်ပိန်နားမှာ ပစ်သွားတယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဂုတ်တွင်းအနီး ဗုံးကြဲချခဲ့ရာ ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာ အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၁၂ ရက် ည ၁၀ နာရီခွဲတွင် ဂျက်ဖိုက်တာ ၂ စီးမှ နောင်ပိန်ကျေးရွာအနီးသို့ ထပ်မံ ဗုံးကြဲချခဲ့ရာ ပင်တိန်ကျေးရွာ သက်ကယ်ကျောင်းအနီး လယ်ကွက်ထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားရှိ နေအိမ်ပြတင်းမှန်များမှာ အက်ကွဲခဲ့ကြောင်း နောင်ပိန်ဒေသခံများက ပြောသည်။

“သူတို့ ဂျက်ဖိုက်တာက ဘယ်ကိုဦးတည်ပြီး ပစ်လဲတော့ မသိဘူး။ ဂျက်ဖိုက်တာက ၁ ခါ လာရင် ၂ စီး လာတာ၊ ပြီးရင် ပေါင် ၅၀၀ ဗုံးတွေနဲ့ ပစ်တာ။ မနေ့ည ပစ်တာက သက်ကယ်ကျောင်း အနောက်ဘက် ရထားသံလမ်း ဘေးက လယ်ကွက်ထဲကို ကျကွဲတာ၊ ပေါက်ကွဲသံ အရမ်းကျယ်တော့ ပြတင်းပေါက်မှန်ကွဲတာတွေ၊ အိမ်တံခါး ပွင့်ထွက်တာမျိုးတွေအထိဖြစ်တာ၊ လူထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိဘူး” ဟု ကျောက်မဲမြို့ နောင်ပိန်ဒေသခံတစ်ဦးက ပြောသည်။

နောင်ပိန်ဂုတ်တွင်းတွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နောင်ပိန် တိုက်နယ်အတွင်းရှိ နောင်ပစ်၊ ခဲလုံ၊ လုံကြိမ်၊ ဇီးပင်စခန်း၊ ပင်တီး၊ ပင်တိန် ကျေးရွာများမှ စစ်ဘေးရှောင် ၁၀၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နောင်ပိန်ဒေသခံများက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ် ဟဲပုကျေးရွာတွင်လည်း နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ပြည်သူနေအိမ် ၁ လုံး ထိမှန်ပျက်စီးပြီး လူထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသော စစ်ကား ၄၀ စီးကျော်နှင့် သံချပ်ကာယာဉ် ၄ စီးတို့သည် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ ချီတက်နိုင်ရန်အတွက် စစ်ကောင်စီတပ်မှ ဂုတ်တွင်းလမ်းပိုင်းကို အပြင်းအထန် ထိုးဖောက်လျက်ရှိပြီး နိုဝင်ဘာလ ၁၃ ရက်တွင် တိုက်ပွဲပြင်းထန်မည်ကို နောင်ပိန်ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

ထို့ကြောင့် TNLA တပ်ဖွဲ့မှ စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန်အတွက် သီပေါ- ဘော်ကြို အဝင်ရှိ ကျင်သီတံတားကို နိုဝင်ဘာ ၁၂ ရက်တွင် ဗုံးခွဲဖျက်စီးထားခြင်းကြောင့် တံတားမှာ ထက်ပိုင်းကျိုး၍ သွားလာနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here