ကျောက်ဖြူအကျဉ်းထောင်တွင် ထောင်ဝင်စာပါဆယ်ပစ္စည်း ပေးပို့ခွင့်ရက် ကန့်သတ်လိုက်လို့ အခက်အခဲဖြစ်ဟုဆို

0
338

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အကျဉ်းထောင်တွင် အကျဉ်းသားများအတွက် ထောင်ဝင်စာ ပါဆယ်ပစ္စည်း ပေးပို့ခွင့်ကို တစ်ပတ်တစ်ရက် ကန့်သတ်လိုက်သဖြင့် အကျဉ်းသားများ၏ စားဝတ်နေရေးအခက်အခဲ ဖြစ်နေသည်ဟု ၎င်းတို့၏မိသားစုဝင်များက ပြောသည်။

ကျောက်ဖြူအကျဉ်းထောင်တွင် ပြီးခဲ့သည့် အောက်တိုဘာလမှ စ၍ ထောင်ဝင်စာပါဆယ် ပစ္စည်းပေးပို့ခွင့်ကို အမိန့်ချမှတ်ပြီးသား အကျဉ်းသားများအတွက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သုံးရက်အနက် တစ်ရက်၊ တရားရင်ဆိုင်နေရဆဲ အကျဉ်းသားများအတွက် ကြာသပတေး၊ သောကြာ၊ စနေ သုံးရက် အနက် တစ်ရက်သာ ရတော့ကြောင်း မိသားစုဝင်များက ပြောသည်။

ယခင်က ကျောက်ဖြူအကျဉ်းထောင်တွင် အကျဉ်းသားများအတွက် အစားအစာကို တနင်္ဂနွေမှအပ ကျန်ရက်များတွင် ပေးပို့ခွင့်ရခဲ့သည်ဟု အကျဉ်းသားများ၏ မိသားစုဝင်များက ဆိုသည်။

ထို့အပြင် ယခင်က ကော်ဖီထုပ်များကို ပါကင်အထုပ်လိုက် ပေးပို့ခွင့်ရသော်လည်း ယခုအခါ ထောင်ဝင်စာ ပါဆယ်ပစ္စည်းတစ်ခါ ပေးပို့လျှင် ကော်ဖီအထုပ်ငယ် ၇ ထုပ်သာ ပေးပို့ခွင့်ရတော့သည်ဟု အကျဥ်းသား မိသားစုဝင်များက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် တရားရင်ဆိုင်နေရသူ၏ မိသားစုဝင်တစ်ဦးက “အစားအသောက်က တစ်ပတ်မှာ တစ်ရက်ပဲ ပို့လို့ရတယ်။ အရင်တုန်းကဆို နေ့တိုင်း ကိုယ့်အိမ်ကချက်တာ ပို့ပေးလို့ရတယ်။ အခုပို့ပေးရတာက တစ်ရက်တည်း၊ မနက်တပိုင်းပဲ ပို့ပေးလို့ရတယ်။ အကြော်အလှော် အခြောက်အခြမ်းတွေပေးလို့က သူတို့က အဲ့လောက်ထိ မစားနိုင်ဘူး။ အစ်မယောက်ျားဆိုရင် သွေးတိုးရှိတော့ အခုစားသောက်ရတာ အဆင်မပြေဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ထောင်ဝင်စာပါဆယ်ပစ္စည်းပေးပို့မှု စည်းကမ်းချက်များ တင်းကျပ်လိုက်သဖြင့် အကျဉ်းထောင် အတွင်းက အကျဉ်းသားများ၏ စားရေးသောက်ရေးမှာ အခက်အခဲရှိသည်ဟု ပုဒ်မ ၅၀၅ (က) ဖြင့် တရားရင်ဆိုင်နေရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

“မုန့်ဆိုရင်လည်း အကန့်အသတ်နဲ့၊ ကော်ဖီဆိုရင်လည်း အကန့်အသတ်နဲ့ပဲ ပို့ပေးနေရတယ်။ ဆေးဝါးတွေ ဆိုရင်လည်း ပို့ပေးလို့ မရဘူး။ ရုံးချိန်းရှိတဲ့ နေ့မှာပဲ နေရာထိုင်ရတာ စားသောက်ရတာ ဘယ်လိုနေလဲ မေးရတယ်။ အခုသူတို့က အထဲကကျွေးတဲ့အတိုင်း စားရတော့ အဆင်မပြေကြဘူး” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကပ်ရောဂါ ကြောင့် ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်မှ စပြီး စစ်ကောင်စီက ပြန်လည် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ သို့သော် ကန့်သတ်ချက်များပြားနေသဖြင့် ထောင်ဝင်စာတွေ့သူများတွင် အခက်အခဲ ရှိနေသည်ဟု ပြောဆိုကြသည်။

ထောင်ဝင်စာ သွားရောက်တွေ့ဆုံမည့်သူတွင် မှတ်ပုံတင်မူရင်း မိတ္တူ၊ အိမ်ထောင်စုဇယားမူရင်း မိတ္တူ၊ ရပ်ကွက်ထဲတွင် နေထိုင်ကြောင်း မူရင်း မိတ္တူ၊ ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊ ၎င်းမိတ္တူများအပြင် ကိုဗစ် ၂ ကြိမ် ထိုးထားသည်ဆိုသော ထောက်ခံချက်လည်း ပါရှိရမည်ဟု စစ်ကောင်စီက ကန့်သတ်ထားသည်။

၎င်းပြင် အကျဉ်းသားတစ်ဦးအား တစ်လလျှင် တစ်ကြိမ်သာ တွေ့ဆုံခွင့်ရမည့်အပြင် တွေ့ဆုံချိန် မိနစ် ၂၀ သာ သတ်မှတ်ပေးထားကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here