ကျောက်ဖြူဒေသခံ ၂၃ ဦးကို အမိန့်မချဘဲရုံးချိန်းရွှေ့ဆိုင်းနေမှု ၃ လကျော်ကြာမြင့်လာ

0
314
ပုံစာ - ကျောက်ဖြူမြို့နယ်တရားရုံး။

AA သံသယဖြင့် တရားရင်ဆိုင်နေရသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၂၃ ဦး အမှုတွင် သက်သေအားလုံး စစ်ဆေးပြီးစီး၍ အပြီးသတ်အမိန့် ချမှတ်ရန်သာ ကျန်ရှိသော်လည်း “အမိန့်ချခွင့်မရ” ဟုဆိုကာ ကျောက်ဖြူတရားရုံးက ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ လကျော်ကြာမြင့်လာပြီဟု မိသားစုဝင်များက ပြောသည်။

ထိုသို့ အပြီးသတ်အမိန့် ချမှတ်ရန် ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၁၀ ကြိမ်ခန့် ရှိလာပြီဖြစ်ကြောင်းနှင့် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်တရားရုံးတွင် ရုံးချိန်းခဲ့ပြီး လာမည့်နိုဝင်ဘာလ ၁၇ ရက်နေ့သို့ ထပ်မံ ရုံးချိန်းလိုက်သည်ဟု တရားရင်ဆိုင်နေရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

“တရားသူကြီးလည်း ရောက်တယ်၊ ရှေ့နေလည်း ရောက်တယ်၊ အထက်က အမိန့်မကျသေးတဲ့အတွက် အမိန့်ချလို့ မရဘူးဆိုပြီး ဟိုနေ့ပြောင်း၊ ဒီနေ့ပြောင်း ပြောင်းနေပါတယ်” ဟု တရားရင်ဆိုင်နေရသူဦးလှကျော်၏ မိသားစုဝင်တစ်ဦးက ပြောပါသည်။

ကျောက်ဖြူဒေသခံ ၂၃ ဦးကို ရခိုင်ဒေသအတွင်း ၂၀၂၂ ခုနှစ် တကျော့ပြန် တိုက်ပွဲကာလတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က) တို့ဖြင့် တရားစွဲဆိုခဲ့သည်။

အပြစ်မဲ့ပြည်သူများ မတရားဖမ်းဆီးခံထားရခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပေးရန် ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ယခုနှစ်မတ်လအတွင်းက တင်ပြထားသော်လည်း ယနေ့အချိန်ထိ တစုံတရာ ထူးခြားမှု မရှိသေးပေ။

ကျောက်ဖြူဒေသခံများမှာ တရားရင်ဆိုင်နေရခြင်း အချိန်ကြာမြင့်လာသည်နှင့်အမျှ မိသားစုဝင်များအတွက် စားဝတ်နေရေး၊ ပညာရေး၊ ငွေကြေး၊ လူမှုစီးပွားရေးတို့တွင် ထိခိုက်နစ်နာမှုများ ရှိနေကြသည်။

တရားရင်ဆိုင်နေရသူ ကိုဝင်းနိုင်၏ဇနီး မမိုးမိုးဆန်းက “ စီးပွားရေးကလည်း အဆင်မပြေ၊ ဝင်ငွေလည်း ပုံမှန်မရှိ၊ ဆိုင်ကယ်ပြင်ဆိုင်ကိုလည်း ယောက်ျားမရှိလို့ ပိတ်ထားရတယ်။ ကျမလည်း ကလေးတစ်ဖက်နဲ့ဆိုတော့ အလုပ်လည်း မလုပ်နိုင်ဘူး။ ရှိတာလေးတွေကို ထုခွဲရောင်းချလို့ ဖြစ်သလို စားသောက်နေရတယ်” ဟု ပြောသည်။

တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံများမှာ ဦးမောင်တင်ထွန်း၊ ဦးမြကျော်ထွန်း၊ ဦးခင်အောင်ထွန်း၊ ဦးဇော်မျိုးထွန်း၊ ဦးဝင်းမောင်၊ မောင်ထွန်းနိုင်၊ မောင်ရာဇာချစ်၊ မောင်တင်ရွှေ၊ ဦးသန်းမောင်၊ ကိုရန်နိုင်မင်း(ခ) ကိုသောက်ဆန်း၊ ကိုဇော်လင်း၊ ဦးစိုးမျိုးသူ၊ ကိုအောင်ဝင်းနိုင်၊ ဦးဝင်းအောင်(ခ)ကျော်ဝင်းအောင်၊ မောင်စိုးဝင်းနိုင်၊ ဦးတင်ညွှန့်နိုင်၊ ဦးညီဝင်းနိုင်၊ ဦးဘသန်း၊ ဦးလှကျော်၊ ဦးတင်ညွန့် အပါအဝင် ၂၃ ဦး ဖြစ်သည်။

တရားရင်ဆိုင်နေရသူ ဦးစိုးဝင်းနိုင်ဇနီး ဒေါ်နီလာမိုးက “ကျမတို့မှာ သူ့စိတ်နဲ့ပင်ပန်းရတယ်။ အစစအရာရာ နစ်နာမှု ရှိတာကလည်း ပြောစရာမလိုတော့ပါဘူး။ ကျမပြောလိုတာက သူတို့မှာ အပြစ်ရှိရင်လည်း အပြစ်ချလိုက်၊ မရှိရင်လည်း ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

မှတ်တမ်းပြု ကောက်ယူထားသောစာရင်းများအရ ရခိုင်ပြည်တွင် AA သံသဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)၊ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၀ ကျော် ရှိနေသေးသည်ကို တွေ့ရသည်။

ULA/AA စာရင်းအရ ရခိုင်တွင် တိုက်ပွဲကာလအတွင်း ဒေသခံ ၅၉၄ ဦး ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူ ၁၄၂ ဦး ကျန်ရှိနေပါသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here