4 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းကျောက်ဖြူတွင် စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားလာ

ကျောက်ဖြူတွင် စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားလာ

တရုတ်ရင်းနှီးမြုပ်နှံမှုများ အခြေစိုက်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားလာကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်က ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းနှင့် သစ်ပုတ်တောင် လမ်းဆုံအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ ထိပ်တိုက်တွေ့ပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက “တိုက်ပွဲကတော့ မနေ့က ၁၂ နာရီ လောက်မှာဖြစ်တာ။ နာရီဝက်လောက်တော့ ဖြစ်ခဲ့တယ်။ ပြိုင်းစေ့ကေရွာ ဒိုးတန်းတောင်ထက် ရဲတပ်ရင်းကဆင်းလာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ AA တပ်သားတွေ တွေ့ပြီးတိုက်ပွဲဖြစ်ခဲ့တာ။ သိပ်တော့ မပြင်းခဲ့ဘူး” ဟု ပြောသည်။

ကျောက်ဖြူ၊ ဇိုင်ချောင်းနှင့် သစ်ပုတ်တောင်လမ်းဆုံအနီး ပြိုင်းစေ့ကေကျေးရွာ ဒိုးတန်းတောင်ထက်တွင် စစ်ကောင်စီ၏ အမှတ် (၃၂) ရဲတပ်ရင်းရှိပြီး လက်နက်ကြီးများ အခိုင်အမာတပ်ဆင်၍ ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။

အဆိုပါ အမှတ် (၃၂) ရဲတပ်ရင်းအနီးပတ်ဝန်းကျင် နယ်မြေများကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး ထိုရဲတပ်ရင်းမှ ဝင်ထွက်သွားလာသော စစ်ကောင်စီတပ်များနှင့် ထိပ်တိုက်တွေ့ဆုံသဖြင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားကာ စစ်ကောင်စီတပ်မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

လက်ရှိ၌ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများရှိလာသော်လည်း အာရက္ခတပ်တော်အနေဖြင့် စစ်တွေနှင့် ကျောက်ဖြူကို တပြိုင်နက်တည်း ထိုးစစ်ဆင်မည့် အခြေအနေမရှိ၍ ကျောက်ဖြူတွင် တိုက်ပွဲများ ပြင်းထန် လာမည်မဟုတ်ကြောင်း စစ်ရေးလေ့လာသူများက ရှုမြင်ကြသည်။

“စစ်တွေနဲ့ ကျောက်ဖြူကို ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ အနေအထားပဲဖြစ်တယ်။ အဲတော့ မနေ့က ထိတွေ့မှုရှိရင် တောင် နှစ်မြို့လုံးကို တပြိုင်နက် တိုက်မယ်လို့တော့မထင်ဘူး။ AA က အကန့်တစ်ခုချင်းစီ သွားတာဖြစ်တဲ့ အတွက်ကြောင့် ကျောက်ဖြူမှာ တိုက်ပွဲဆက်ဖြစ်နိုင်ခြေက နည်းပါသေးတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းကျေးရွာအနီး (ဒေသအခေါ်) သစ်ပုတ်တောင်လမ်းခွဲတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၇ ရက်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မတ်လ ၁၄ ရက်နေ့ ကလည်း ထိုနေရာတွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

လက်ရှိ ကျောက်ဖြူတွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီက မြို့အနီးရှိ ဂုံးချွိန်၊ အုန်းတော၊ မလကျွန်း၊ ပြိုင်းစေ့ကေ၊ မင်းတပ်တောင် ကျေးရွာအနီးတို့တွင် လုံခြုံရေးချခြင်း၊ စစ်ကြောင်း ထိုးခြင်းနှင့် ဧည့်စာရင်းစစ်ဆေးမှုများ မကြာခဏ ပြုလုပ်လျက်ရှိနေသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ တောင်မော်ကြီး ရေတပ်ဌာနခွဲနှင့် (၃၂) ရဲတပ်ရင်း အပါအဝင် ခမရ (၅၄၂)၊ ခမရ (၅၄၃)၊ ခလရ (၃၄) တို့ အခြေစိုက်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။