ကျောက်တံခါးတွင် စစ်ရှောင်တောင်သူများပိုင်လယ်များမှ စပါးများရိတ်သိမ်းရန် စစ်ကောင်စီကြံစည်

0
280

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအုပ်စုနှင့် တလိုင်းခင်ကျေးရွာရှိ စစ်ရှောင်တောင်သူများ ပိုင်ဆိုင်သောလယ်များတွင် စိုက်ပျိုးထားသည့် စပါးများကို စစ်ကောင်စီက ရိတ်သိမ်းယူဆောင်ရန် ရိတ်ခြွေစက်များချထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဒေသခံတစ်ဦးက“ ရွာသားတွေက နယ်မြေအခြေအနေ မကောင်းလို့ စပါးတွေ မရိတ်ရဲတော့ဘူး။ အဲဒီတော့ သူတို့ (စစ်တပ်) ကပဲ လာရိတ်မယ်ပေါ့။ စက်(ရိတ်ခြွေစက်) တွေ သယ်လာပြီး လာချထားတာ၊ ရိတ်တာတော့ မရိတ်ရသေးဘူး။ ဒီဘက် (KNLA ပူးပေါင်းတပ်ဖွဲ့)ကလည်း ဝင်လာတာနဲ့ လှမ်းပစ်နေတော့ မရိတ်ရဲသေးတာ၊ ဝင်လို့ရတာနဲ့ သူတို့အကုန်ရိတ်ပစ်မှာ၊ တောင်သူတွေကတော့ စစ်တပ်ကို ပေးရိတ်ရမယ့်အတူတူ မီးသာ ရှို့ပစ်လိုက်တဲ့ ပြောနေကြတယ်” ဟု ပြောပါသည်။

စစ်ကောင်စီက စစ်ဘေးကြောင့် မရိတ်သိမ်းနိုင်သေးသည့် ဒေသခံစစ်ရှောင်တောင်သူများပိုင် လယ်များကို ရိတ်သိမ်းရန် ပြီးခဲ့သည့် စက်တင်ဘာလကတည်းမှ စ၍ ရိတ်ချွေစက်များကို လယ်ခင်းများအနီး ယူဆောင် ထားရှိကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက နံဇကျေးရွာတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကျေးရွာရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီး ကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့ကြသဖြင့် နံဇကျေးရွာနှင့် အနီးအနားကျေးရွာမှ ဒေသခံများသည် နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရခြင်း ဖြစ်သည်။

ထို့အပြင် ဒေသခံပြည်သူအများစု လုပ်ကိုင်ကြသည့် စပါးစိုက်ပျိုးရာတွင် လိုအပ်သည့် ပိုးသတ်ဆေး၊ သွင်းအားစုမြေဩဇာ စသည့် စိုက်ပျိုးရေးသုံးပစ္စည်းများ ဈေးနှုန်းကြီးမြင့်နေသော်လည်း စပါးဈေး မကောင်းခြင်း၊ ရိတ်သိမ်းပြီးသော စပါးများ သယ်ယူပို့ဆောင်ရောင်းချရန် ခက်ခဲမှုကြောင့် စီးပွားရေးလုပ်ကိုင်ရ ပိုမိုခဲယဥ်း လာနေသည်ဟုလည်း ဒေသအတွင်းရှိ လယ်စိုက်တောင်သူများက ပြောသည်။

ထိုစစ်ကောင်စီတပ်များကို ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့က ဖိုးတရွာအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိခဲ့ပြီး လေကြောင်းဖြင့် တုံ့ပြန်ပစ်ခတ်သဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းခဲ့ရကြောင်း မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုအပြင် နံဇကျေးရွာအတွင်း တပ်စွဲနေထိုင်သွားသည့် စစ်ကောင်စီတပ်များက တလိုင်းခင်ရွာနှင့် နံဇရွာဘက်တွင် မိုင်းများရာချီ ထောင်ထားခဲ့သဖြင့် မြေမြှုပ်မိုင်း ရှင်းလင်းရင်းသော်လည်းကောင်း၊ သွားလာရင်း မိုင်းနင်းမိကြပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိလာနေသည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက အခုလို ပြောသည်။

“ရွာထဲ၀င်ပီး သူတို့ (စစ်တပ်) က ပြန်ဆုတ်ရင် ရွာထဲရော၊ ပြန်ဆုတ်တဲ့လမ်းတလျှောက်ရော မိုင်းတွေကို ပွထနေအောင် ထောင်ထားခဲ့တာ။ တလိုင်းခင်မှာလည်း ၂၅ ရက်နေ့က လူတစ်ယောက် မိုင်းထိလို့ခြေရော လက်ရော ပြတ်သွားတယ်။ ကလေးရော မိန်းမရော အရင်လတွေကလည်း အဲ့လိုမိုင်းထိတာ ရှိတယ်။ သူတို့ မိုက်မိုက်ရိုင်းရိုင်း အဲ့လိုထောင်သွားတာနဲ့ အကုန်ထိခိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။

KNU တပ်မဟာ ၃ ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်တွင် အာဏာသိမ်းကာလအတွင်း စစ်ရေး ပဋိပက္ခများကြောင့် ဒေသခံလူထုသည် ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်နှင့် စစ်ဘေးကြောင့် လူမှုစီးပွားရေး ကောင်းစွာ မလည်ပတ်မှုများကို ရင်ဆိုင်နေကြရပြီး စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးသည်အထိ ထိခိုက်နစ်နာမှုများ ကြုံနေရသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ၏ လူထုအပေါ်ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများသည် တစ်စထက်တစ်စ ပိုမိုများပြားလာနေကြောင်း ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာသစ်တွင် ထည့်သွင်းပြောဆိုထားသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here